New Artical

ဘာကြောင့် ဘုရားရှင်က ဂုဏ်တော်ကို ပွားခိုင်းရသလဲ..?


ဘာကြောင့် ဘုရားရှင်က ဂုဏ်တော်ကို ပွားခိုင်းရသလဲ..??? ဒို့စိတ်တွေက ရိုင်းလွန်းလို့ ဒီအတိုင်းမထားနိုင်လို့ ဘုရားဂုဏ်ကို အာရုံပြုပြီးတော့  ဒို့ရဲ့ ရိုင်းတဲ့စိတ်ကို ဘုရားအာရုံလေးနဲ့ တွဲပြီးတော့ ကပ်ပြီးတော့ ယဉ်အောင် ကျင့်ယူရတာထင်တယ် … ( အဲဒါဗျ ဒို့ချည်းမနိုင်လို့ ဘုရားနဲ့ ကပ်ယူရတာ )အဲဒီဂုဏ် တော်တွေ ပွားခြင်းတို့မည်သည်မှာ ' သဒ္ဓါ ' နိုးအောင်လို့ နှိုးပေးတာ  စာလိုတော့ လျက်ဆားများဆိုရင် ပုလင်းအထဲ ထဲမှာ လျက်ဆားထည့်ထားတယ် အပြင်ပုလင်းမှာ ပုလင်းဘူးပတ်ကလေး မရှိဘူးလား ဆေးရဲ့အာနိသင် ဆိုပြီး မရေးဘူးလား … ဘာတုန်း  ~~~~~ သလိပ်ခဲသော် သွေးကျသော်နဲ့ မပါဘူးလား ??? ( ပါ ပါတယ်ဘုရား ) သလိပ်ကပ်သော် ဘယ့်နှယ် ရင်ပြည့်သော် ဘယ်နှယ့် ကွမ်းရွက်ပြုတ်ရည်ကြီးနဲ့ ဘယ်လို အညွှန်းမရှိဘူးလား   ( ရှိပါတယ် ဘုရား ) အညွှန်းလေးကို ဖတ်ကြည့်တာကဆေးသောက်စေချင်လို့ အဲ့တော့ အညွှန်းဖတ်ကြည့်ရုံနဲ့  ဘယ့်နှယ်တုန်း သလိပ်ကပ် ပျောက်သလား ???? ( မပျောက်ပါဘုရား )သလိပ်ကပ် ပျောက်ချင်တော့ ဘာလုပ်ရမှာတုန်း ??? (ဆေးသောက်ရမှာပါ ဘုရား )

 

အဲ့တော့ ' အရဟံ ' ' ပူဇော်အထူးကို  ခံယူတော်မူထိုက်သောဘုရား ' သူ့ဂုဏ်လေးနဲ့ကိုယ့်စိတ်ကို  တွဲထား ရတာထင်တယ်  အမြဲတမ်းသာပြောနေ နှိုးဆော်နေ' ပူဇော်အထူးကို  ခံယူတော် မူထိုက်သောဘုရား ' ပါဠိလို ' အရဟံ ' နေမှာပေါ့လေ  ( မှန်ပါ ဘုရား ) အဲဒါလေး အာရုံပြုနေတဲ့အချိန်မှာ အဟောင်းကိလေသာ တွေးသလား

( မတွေးသာပါ ဘုရား ) အသစ်ကိလေသာနောက်ကော  ပြေးလိုက်မိသလား ??? ( မလိုက်မိပါ ဘုရား ) အဲဒါ တစ် ချက်မှတ်လိုက်  တစ်ချက်ဒီဂုဏ်တော်ပွားလိုက်လို့ တစ်ချက်ကိလေသာ  တစ်ခါတည်း ပျောက်ထွက် သွားတာ  အဲဒါ ဒီသတိစိတ် ဘုရားဂုဏ်စိတ်က ကိလေသာကို ရှို့မြိုက်ပစ်လိုက်တာ  ' စျာန် ' လို့ခေါ်တယ် ' စျာန် ' ဆိုတာ ကိလေသာကို  လောင်မြိုက်ပစ်လိုက်တာလေ  တစ်ချက်မှတ်လိုက်တဲ့အချိန်  အဟောင်း လည်းပျောက်ပြီ အသစ်လည်းပျောက်ပြီ အဲဒါ ' စျာန် ' ပဲဗျ  အဲဒါ ဗုဒ္ဓါနုဿတိနဲ့ အနုဿတိစျာန်ဝင်စားတာ ပထဝီကသိုင်းတို့ ဘာတို့ဆိုတာကျတော့ သမာဓိကနေ ပညာကိုတန်းသွားမှာ  ဘုရားဂုဏ်ကကျတော့ သဒ္ဓါကနေ ပညာကိုတက်မှာ  … … … … အဲ့တော့  ' အရဟံ ' လို့ ပွားလိုက်ရင် ' အရဟံ ' အကြောင်းမသိလည်း အရေးမကြီးဘူး လိုချင်တာက စိတ်ကလေး ပုတီးလုံးနဲ့စိတ်နဲ့ထိတဲ့နေရာဖြစ်ဖြစ် အရဟံဂုဏ်ဆိုတဲ့ ဘုရားဂုဏ်မှာ  စိတ်ကလေးထိနေလို့ဖြစ်စေ ဒါပဲလိုချင်တာ သိတာမသိတာ  လိုရင်းမဟုတ်ဘူး
 

အဟောင်းမတွေးစေချင်တာနဲ့ အသစ်နောက်ကိုလိုက်မပြေးစေချင်တာပါ ဒါလေး ၂ခုပဲ … ရည်ရွယ်ချက် ဒါပဲမဟုတ်လား  အဲ့တော့ ' ပူဇော်အထူးခံယူတော်မူထိုက်သောဘုရား ' အမြဲတမ်းသာ တဖွဖွနဲ့သာ နှလုံးသွင်းနေ အဲဒါ ပုလင်းပတ်ကဆေးညွှန်းကို ဖတ်နေတာ  ဒါချည်းပဲရွတ်ပါများလာတော့ ကိုယ့်စကား ကိုယ့်နားကကြားသွားရင် ကိုယ့်ကိုယ်ကိုပြန်မေးလိမ့်မယ် … ' ဘာကြောင့် ပူဇော်အထူးကိုခံထိုက်တာလဲ ' သူများကမေးရင် ' မသိဘူးကွာ ' ပြောလိုက် တစ်ခွန်းထဲပြောလို့ရတယ် … ကိုယ့်ကိုယ်ကိုမေးတော့  အဲ့လိုပြောလို့ရပါ့မလား ???? ( မရပါ ဘုရား )


အဲ့တော့ မသိ  … သိအောင် လုပ်ရတော့မယ်  ဘုရားရှင်ကဲ့သို့ အကျင့်မျိုး  ဘယ်သူလိုက်ကျင့်နိုင်သလဲ ???? ဆိုပါစို ့ ' ဒုက္ကရစရိယာ ' လိုဟာမျိုး ဘယ်လိုလူ  ကျင့်နိုင်သလဲ ???? နတ်တွေကော ကျင့်နိုင်သလား ??? ဗြဟ္မာတွေကော ကျင့်နိုင်သလား ??? 

အဲဒါကိုထားအုန်း  ဒါက ကျင့်တဲ့ဘက်ကိုပြောတာ , ဘုရားဖြစ်မယ့်ဘဝမှာ သိဒ္ဓတ္ထမင်းသားထင်တယ်  နန်းမကြီး ၃ဆောင်  မိဖုရားပေါင်းက ၁သိန်း ၂သောင်းရှိတယ် ရွှေအိုးကြီးလေးလုံးနှင့်တကွ  ရှိသမျှပစ္စည်းတွေလည်း မနည်း ဘူး  အတွင်းပစ္စည်းတွေ ကမ္ဘာအရပ်ရပ်ကဘုရင်တွေကကို  လှမ်းဆက်သရတာထင်တယ်  သူက စကြာမင်းဖြစ်မယ့်ပုဂ္ဂိုလ် ဒီစကြာဝဠာတစ်ခုလုံးကြီးကို  အုပ်ချုပ်နိုင်စွမ်းရှိတဲ့ဘုရင် သာမာန်ဘုရင်မဟုတ်ဘူး သူ့ရဲ့ဘုန်းကံကြောင့်လည်း  တိုင်းပြည်မှာ တစ်ဦးနှင့်တစ်ဦး  လုယက်ခြင်း တိုက်ခိုက်ခြင်း လိမ်ညာခြင်း မူးရူးရမ်းကားခြင်း မရှိတဲ့အတွက် တရားစီရင်ရေးတွေ လုပ်စရာမလိုပဲ ဘုရင့်စည်းစိမ်သက်သက် ခံစားနေရတာကို ဘယ်သူစွန့်နိုင်သလဲ ????? ရပ်ကွက်လူကြီးလေးလောက်တောင် သူတက်မယ် ငါတက်မယ်ဖြစ်နေကြတာ  ဟိုက တစ်ကမ္ဘာလုံးဗျ  အခုလိုလည်းအရှုပ်အရှင်းမရှိဘူးဗျ  ဘုရင့် စည်းစိမ်သက်သက်ခံစားရုံပဲ … အဲဒါတွေအကုန်စွန့်ပြီး  ဘယ်သူတောထွက်ရဲသလဲ ???? နန်းတော်ကြီး နဲ့နေရပါများလို့ သုခကိုပယ်နိုင်တယ် ထားအုန်း ဒုက္ခကိုခံနိုင်တဲ့ သတ္တိလည်းရှိသေးတယ် နန်းတော်ကြီး ပယ်စွန့်ပြီး  သစ်တစ်ပင်အောက် ဘယ်သူနေရဲသတုန်း ???? ပြီးတော့ ဘုရင့်အစားအသောက်  နုပေ့ကောင်းပေ့ဆိုတဲ့ အအီအဆိမ့်တွေပယ်ပြီး   ဒီ သူများကလှူ တဲ့ ထမင်းအကြမ်း ဟင်းကြမ်းကို ဘယ်သူစားရဲသလဲ ???? သုခကို ရိုးလို ့စွန့်နိုင်တယ်ထားအုန်း ဒုက္ခကိုခံနိုင်ဖို ့ သူ့လိုသတ္တိမျိုး  လူလည်းမရှိဘူး နတ်တွေမှာလည်းမရှိဘူး ဗြဟ္မာတွေမှာလည်းမရှိဘူး … 

အဲ့တော့ ဗြဟ္မာမင်းကြီးတွေကလည်း 'ငါ့ထက်သာတယ် ' နတ်မင်းကြီးတွေကလည်း ' ငါ့ထက်သာတယ် ' လူမင်းကြီးတွေကလည်း ' ငါ့ထက်သာတယ် ' ဆိုပြီး မပူဇော်ရဘူးလား ??? 

အဲ့တော့ လူမင်း နတ်မင်း ဗြဟ္မာမင်းတို ့ကတောင် ပူဇော်တယ်ဆိုရင် လူသာမာန် နတ်သာမာန်တွေက ဘာပြော စရာလိုတုန်း … ????? ( မလိုပါ ဘုရား )
 

အဲ့တော့ ဘုရားဟာ  ဒါ့ကြောင့် ပူဇော်အထူးကိုခံထိုက်တယ်လို့ ဆုံးဖြတ်ချက်ချပြီးရင် ဒီအဖြေရလာပြီဆိုရင် ငါလည်းပဲ ဘုရားသားတော် ငါလည်းပဲ ဘုရားသမီးတော်ဆိုပြီး ကိုယ့်ဘက် လက်ညှိုးထိုးရတော့မယ်ထင်တယ် ,ငါလည်းပဲ ဘုရားသားတော် သမီးတော်ဆိုပြီးတော့ ပုလင်းထဲကဆေးကို ဖော်သောက်မိအောင် အဲဒီဂုဏ် တော်တွေ ပွားခိုင်းတာ …
ဘုရားက သူ နာမည်ကောင်းရအောင် ပွားခိုင်းတာမဟုတ်ဘူး …

ပုလင်းပတ်ကဆေးညွှန်းကိုဖတ်ပြီး ပုလင်းထဲကဆေးကို သောက်ဖြစ်အောင်လို့ အဲဒီပုလင်းပတ်က အညွှန်းကို ဖတ်ခိုင်းတာ ဟုတ်ကဲ့လား … ( မှန်ပါဘုရား )

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

လုံးစုံများစွာ၊ သတ္တဝါချမ်းသာကိုယ်စိတ် မြဲပါစေ ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး  ငြိမ်းအေးကြပါစေ...

No comments