New Artical

ကိုရီးယားထမင်းသုပ်အတွက် အရသာ ဆော့စ်လုပ်နည်း ၄ မျိုး



 ကိုရီးယားထမင်းသုပ်ရဲ့ အဓိကသော့ချက်ဖြစ်တဲ့ ဆော့စ်အနှစ် အမျိုးမျိုး လုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ကိုယ်အကြိုက်ဆုံးနဲ့ ကိုက်ညီမယ့် ဆော့စ်လုပ်ပြီး အရသာရှိတဲ့ ကိုရီးယား ထမင်းသုပ်တပွဲ ဖန်တီးနိုင်ပါတယ်။

(၁) ပထမတမျိုးကတော့ ရိုးရိုးရှင်းရှင်းနဲ့ မူလအရသာ နှစ်သက်သူတွေအတွက်ပါ။ ငရုတ်နှစ်က လွဲပြီး ဘာမှ တခြား အများကြီး မသုံးထားပါဘူး။ ချိုချိုစပ်စပ်အရသာ တခါစားရုံနဲ့ အမြဲအမှတ်ရနေစေမှာပါ။

Gochujang (ကိုရီးယား ငရုတ်နှစ်) – ½ cup
နှမ်းဆီ – ¼ cup
သကြား – ¼ cup
ရေ – ¼ cup
ရှာလကာရည် (သို့) ပန်းသီးရှာလကာရည် – စားပွဲတင်ဇွန်း ၄ ဇွန်း
ကြက်သွန်ဖြူ အနှစ် – စားပွဲတင်ဇွန်း ၄ ဇွန်း

ပန်းကန်လုံးတလုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေလိုက်ရုံပါပဲ။

(၂) ဒုတိယတမျိုး အရသာက အသစ်အဆန်းလေးပါ။ အဓိက ပါဝင်ပစ္စည်းတွေကတော့ ကိုရီးယားပဲပိစပ်အနှစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ အစပ်မစားနိုင်သူတွေနဲ့ အသီးအရွက် များများထည့်စားရတာ ကြိုက်သူတွေအတွက် သင့်တော်ပါတယ်။

Doenjang (ကိုရီးယားပဲပိစပ်အနှစ်) – ½ cup
ရေ – ¼ cup
နှမ်းဆီ – ¼ cup
ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
နှမ်း – စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ အနှစ် – စားပွဲတင်ဇွန်း ၁ ဇွန်း
ပန်းကန်လုံးတလုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေလိုက်ရုံပါပဲ။

(၃) တတိယတမျိုးကတော့ ငရုတ်နှစ်မပါဘဲ ကလေးတွေ စားနိုင်မယ့် ဆော့စ်မျိုးပါ။ ပဲငံပြာရည် အရသာလေးနဲ့ပဲ အရသာရှိအောင် ဖန်တီးပေးနိုင်ပါတယ်။

 

ပဲငံပြာရည် – ½ cup
သကြား – စားပွဲတင်ဇွန်း ၄ ဇွန်း
နှမ်း – စားပွဲတင်ဇွန်း ၄ ဇွန်း
နှမ်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ အနှစ် – စားပွဲတင်ဇွန်း ၁ ဇွန်း
ပန်းကန်လုံးတလုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေလိုက်ရုံပါပဲ။

(၄) နောက်ဆုံးတခုကို ထူးထူးခြားခြားအဖြစ် ရိုးရိုးငရုတ်နှစ်ကိုမှ အသားစဉ်းကောနဲ့ ရောပြီး ဆီသတ်ထားတာ ဖြစ်ပါတယ်။ အသားမစားတဲ့သူဆိုရင် မှိုအစားထိုး သုံးလို့ရပါတယ်။ ဒီဆော့စ်လုပ်နည်းကတော့ နည်းနည်းလက်ဝင်ပါတယ်။

အသားစဉ်းကော (ဝက်သား၊ အမဲသား) – ၂၀၀ ဂရမ်
နှမ်းဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း
Gochujang (ကိုရီးယား ငရုတ်နှစ်) – ¾ cup
ရေ – စားပွဲတင်ဇွန်း ၃ ဇွန်း
ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း

ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူ အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ချင်း အနှစ် စားပွဲတင်ဇွန်းဝက်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ကို ပန်းကန်လုံးတလုံးထဲ ရောပြီး သမအောင်မွှေ ပါ။

သမအောင်မွှေထားတဲ့ ဆော့စ်အနှစ်ကို အသားစဉ်းကောထဲထည့်ပြီး မွှေပါ။ အရသာဝင်သွားအောင် ၅ မိနစ် လောက် ထားပေးရပါမယ်။ ပြီးရင် ဒယ်အိုးပြားထဲမှာ ဆီအနည်းငယ်ထည့်ပြီး ကြော်ပေးပါ။ အသားကျက်ပြီဆို ရင် ငရုတ်နှစ်နဲ့ ရေ ထပ်ရောပြီး မီးအေးအေးနဲ့ နောက်ထပ် ၈ မိနစ်လောက် တည်ထားပါ။ ချခါနီးမှာ ပျားရည် လောင်းထည့်ပါ။

 

ထမင်းသုပ်ထဲထည့်တဲ့ ဆော့စ်အမျိုးမျိုး လုပ်နည်းကို ပြောပြပေးပြီးသွားပါပြီ။ အချိုးအစားတွေအားလုံးက လူ ၁၂ ယောက်ကနေ ၁၅ ယောက်စာ ပမာဏတွေဖြစ်ပါတယ်။ ငရုတ်နှစ်အားလုံးကို လေလုံပိတ်ဘူးထဲ ထည့်ပြီး ရေခဲ သေတ္တာထဲထားရင် အနည်းဆုံး ၂ ပတ်လောက် အထားခံပါတယ်။

Ref: My Korean Kitchen

 

No comments