New Artical

ဈေးချိုအနောက်နားက ဆင် နဲ့ မိကျောင်း

 


ဈေးချိုအနောက်နားက ဆင် နဲ့ မိကျောင်း

မန္တလေးဈေးချိုတော် အနောက်နားတွင် ဆင်နှစ်ကောင် နှင့် မိကျောင်း နှစ်ကောင် ရှိကြောင်းကို နှောင်းခေတ် မန္တလေးသားတွေ သတိ မမူခဲ့ကြပေ။ တကယ်တော့ ထိုဆင်နှင့် မိကျောင်းကြီးတွေက မန္တလေးမြို့ မတည်ခင် ကတည်းက ရှိနေခဲ့ကြခြင်းဖြစ် ပါသည်။ယခုအခါ သူတို့ သက်တမ်းက နှစ်ပေါင်း ၁၇၀ ကျော်ပြီပေါ့။

ဆင်တံတား

"ဆင်တံတား" ဟူသည် ဈေးချိုတော်ကြီးအနောက်ဘက် ၈၆ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ အုတ်အင်္ဂတေ ဖြင့် တည်ဆောက်ထားသော ဆင်ရုပ်ကြီး နှစ်ကောင်ရှိ ရာ အုတ်တံတားကြီး ဖြစ်သည်။အဆိုပါ အုတ်တံတား က အိမ်တော်ရာဘုရား အရှေ့မုခ်အထိ ရှည်လျားသည်။ အိမ်တော်ရာ ဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ် မတိုင်မီ ၁၂ဝ၉ ခုနှစ်တွင် ပုဂံမင်းက သူ၏ အိမ်တော် နေရာတွင် တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။ ဆင်တံတား မှာ အိမ်တော်ရာ စေတီတော်ကြီး ပြီးမှ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တံတား ဒါယကာမှာ… ''နိဗ္ဗာန ပစ္စယ နာဂဆဒ္ဒန် ဆင်မင်း'' ကြီးဖြစ်သည်။
ထိုဆင်မင်းမှာ ဘိုးတော်ဘုရားလက်ထက်တွင် ဟံသာဝတီ တောင်ဘက် နိဗ္ဗာန်ရွာ၏ အရှေ့ဘက် ကုန်းသာယာ အမည်ရှိ တောတွင်းမှ ဖမ်းယူရရှိပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသော ဆင်ဖြူတော် ဖြစ်သည်။ ၁၁၆၈ ခုနှစ်တွင် ကြန်အင်နှင့်ပြည့်စုံသော ဆင်ဖြူတော်ဖြစ်သဖြင့် ဘိုးတော်ဘုရားက ဟံသာဝတီ မှ ခေတ္တစံရာ မင်းကွန်းသို့ ဆင်ဖြူတော်ကို တင်ဆောင် ခေါ်ယူခဲ့သည်။
ထို့နောက် အမရပူရတွင် ဆင်မင်းနန်းတော် ဆောက် ပေးပြီး အထိန်းအသိမ်း၊ အယုအယများနှင့် ထားခဲ့၏။ ဆင်ကြီး အတွက် ရွှေအင်၊ငွေအင်များအပြင် ဆင်ကြီး အတွက် အားလုံးက ဝိုင်း၍လက်ဖွဲ့သော ပစ္စည်းများက လည်း ဆင်ကြီးအပိုင်အဖြစ်အများအပြားရှိခဲ့လေသည်။ ဆင်ကြီးသည် လူကဲ့သို့ သိတက်ကာ  လူစကားကို နားလည်သဖြင့် လူချစ်လူခင်ပေါများသကဲ့သို့ လူအများ အကျိုး အတွက်လည်း ဆင်ကြီးက ဆောင်ရွက်ခဲ့ရာမှာ နာမည်ကြီးလှသည်။ပုဂံမင်းက အိမ်တော်ရာစေတီ တည်ထားပြီးနောက် ၁၂၁ဝ ခုနှစ်တွင် ဆင်မင်းပိုင် ငွေ ဖြင့် အုတ်တံတားကြီးတည်ဆောက်ကာ တံတားဦးတွင် အုတ် ဆင်ရုပ်ကြီး နှစ်ရုပ် တည်ဆောက်ပြီး အလှူတော် ပြုလုပ်ပေးခဲ့၏။
ထိုဆင်တံတားပေါ်တွင် ယခင် မန္တလေးမြို့၏နာမည်ကြီး အိမ်တော်ရာထီးများကို ထုတ်လုပ် ရောင်းချခဲ့သည်။ အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူပုဂ္ဂိုလ်တို့ ဆောင်းရန် သာမက မိန်းမပျိုလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။ အိမ်တော်ရာထီးကို တစ်ပြည်လုံး ကျယ်ပြန့်စွာ ရောင်းချရသဖြင့် ထီးရိုး ပြုလုပ်သော လုပ်ငန်း အစုအဝေးကြီးပင် ရှိခဲ့ဖူးသည်။ ထိုနေရာကို ထီးရိုးဝင်းဟု ခေါ်တွင်ခဲ့၏။ယခုအခါတော့ အိမ်တော်ရာ ထီး လည်း ပျောက်ကွယ်ခဲ့သည်မှာ ကြာပေပြီ။

မိကျောင်းတံတား

ရှေးလူကြီးတွေပြောသကဲ့သို့ ဒေါင်းရိုးသင်္ဘောတန်း တို့၊ ဆိုင်းတန်းသင်္ဘောတန်းတို့ နေရာမှာ သင်္ဘောတွေ လှေတွေ ဆိုက်ကပ်တာ သေသေချာချာ မသိခဲ့ရသော် လည်း ထိုနေရာတစ်ဝိုက်သည် ထိုစဉ်က မြေနိမ့်ပိုင်း ဖြစ် ပြီး အမြဲတစေ ရွှ့ံနွံများဖြင့် ထူထပ်နေမှာတော့ သေချာ လေသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ထက်တိုင် ဆိုင်းတန်း သင်္ဘောတန်းရပ်ရှိ နေရာအချို့တွင် မြစ်ရေ တက်သည့် ကာလ၌ စိမ့်ရေများ ဒူးဆစ် ပေါင်လည်အထိ ဝင်လာဆဲ ဖြစ်သည်။ ဒေါင်းရိုး သင်္ဘောတန်းဟု ခေါ်ဆိုသည့်နေရာ တွင် မန္တလေးမြို့ မတည်မီ ပုဂံမင်းလက်ထက် အိမ်တော်ရာစေတီ တည်ထားကိုးကွယ်ရာတွင် အမရပူရနေပြည်တော်မှ အိမ်တော်ရာသို့ ဘုရားဖူးလာ သည့် မင်းပြည်သူတို့ ရေစပ်စပ်နှင့် ရွှ့ံထဲဗွက်ထဲ ခက်ခက် ခဲခဲ မဖြတ်သန်းရလေအောင် ၃၅ လမ်းထိပ်မှ အိမ်တော်ရာစေတီ အနောက်မုခ်အထိ အုတ်တံတား ခင်းလုပ်ခဲ့သည်။မိကျောင်းတံတား ဟု ယနေ့ထက်တိုင် ခေါ်တွင်နေ ဆဲဖြစ်ပါ၏။
၃၄ လမ်းဘက် တံတားထိပ်တွင် ကြီးမားခံ့ထည်ပြီး လက်ရာမြောက်သည့် အုတ်ခြင်္သေ့ကြီး နှစ်ကောင်ရှိပြီး အိမ်တော်ရာဘုရား အနောက်မုခ်အနီး တံတားထိပ်တွင် မိကျောင်း နှစ်ကောင်နှင့် ရေသူမ အရုပ်များလဲရှိသည်။ အမရပူရခေတ်  ဗိသုကာလက်ရာ နှင့် အုတ်တံတိုင်း လက်ရန်း အကြွင်းအကျန်များကို လွန်ခဲ့သော နှစ် ၃၀ လောက်အထိ သိသာ ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။
#Credit_ဆရာဆူးငှက် 

No comments