New Artical

မဟာမုနိရုပ်ရှင်တော်




 မဟာမုနိရုပ်ရှင်တော်

၁။ ရက္ခပူရတိုင်း(ယခုရခိုင်ပြည်နယ်)  ဓညဝတီပြည်၌ စန္ဒသူရိယမင်းကြီးသည်  ဒေသစာရီ ကြွရောက်လာသော မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးအား နန်းတော်တွင်းသို့ ပင့်ဖိတ်၍  (၇)ရက် တိုင်တိုင် တရားများနာကြားပြီးနောက် မြတ်စွာဘုရား ကိုယ်စား ရုပ်ပွားတော် သွန်းလုပ် ခွင့်ပြုရန် လျှောက်ထားချက်ကို  ဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည်။ မြန်မာသက္ကရာဇ်(၁၂၃)ခုနှစ်  ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင်၍  ပဥ္စငါးပါး ခေါ်တွင်သည့် ရတနာငါးမျိုးဖြင့်  ရုပ်ပွားတော်ကို ထုလုပ်ခဲ့သည်။ မြတ်စွာဘုရား၏ ရင်ငွေ့တော်(၇)ကြိမ်သွင်းတော်မူ၍ "မဟာမုနိရုပ်ရှင်တော် " ဟုအမည်နာမ ပေးတော် မူခဲ့သည်။ မဟာမုနိရုပ်ပွားတော်သည်  ဓညဝတီပြည်၌ နှစ်ပေါင်း (၁၀၂၃) နှစ် ကိန်းဝပ် စံပယ်တော်မူသည်။  အမရပူရမှာ ထီးနန်း စိုးစံသော  ဗဒုံမင်း(ဘိုးတော်ဘုရား) လက်ထက်တွင် ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းပိုက် ​တော်မူသည်။ အလုံးစုံအောင်မြင်ပြီးနောက် ဗဒုံမင်း၏  သားတော် အိမ်ရှေ့စံ ရွှေတောင်မင်းက မဟာမုနိ ရုပ်ပွားတော်ကို နေပြည်တော်သို့ ပင့်ဆောင်လာသည်။  ၁၁၄၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၄ ရက်နေ့မှ စတင် ပင့်ဆောင်လာခဲ့ရာ  ၁၁၄၇ ခုနှစ် ပထမဝါဆိုလဆန်း ၂ ရက်နေ့မှာ  တက်သေးအင်း အရပ်မှာ  ဖေါင်တော်ဆိုက်ကပ်တော်မူသည်။

 

ရခိုင်ရိုးမကနေ တောင်ကုတ်၊ ပန်းတောင်း အတိုင်းလာပြီး ပြည်ကို ရောက်သည်။ ပြည်ကမှ တဆင့် ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆန်တက်သည်။ အမရပူရရောက်တော့ တက်သေးအင်းမှ တဆင့် လိုရာဌာနပင့်ဆောင်ပါသည်။ အိမ်ရှေ့စံရွှေတောင်မင်းက  ဘိုးတော်ဘုရားရဲ့ သားတော်ကြီးဖြစ်တယ်။ စစ်ကိုင်းမင်းသား(ဘကြီးတော်ဘုရား)ရဲ့ ခမည်းတော်ဖြစ်ပါသည်။ ထီးနန်း မရခင်  နတ်ရွာစံသွားလို့  ဘုရင် မဖြစ်လိုက်ရပါ။ သူ၏ သားတော်စစ်ကိုင်းမင်းက  ရဆက်မြောက် ကုန်းဘောင်မင်းဆက်အဖြစ် ထီးနန်းရသွားခြင်းဖြစ်ပါသည်။ ရှေးစာဆိုများက မဟာမုနိရုပ်ရှင်တော် စတင် သယ်ဆောင်လာသည့် ခုနှစ်ကို "ဥသြရေသောက် မုနိရောက်" ဟု စာချိုးစပ်ဆိုခဲ့ကြသည်။

"မဟာမုနိ ရေတော်ဆရာတော်များ"

မန္တလေးမြို့ရဲ့ နံနက်အာရုဏ်ဦးဟာ  ကျက်သရေ မင်္ဂလာ ရှိစွာ စတင်လိုက် ပါတယ်။ နေ့စဉ်နံနက် အာရုဏ်တက်ချိန်တွင် ကန္ဓကုဋီတိုက်တံခါးကိုဖွင့်၍ ဝတ်ဖြူစင်ကြယ်  ဝတ်ဆင်ထားသော ဥပကာဝတ်ပြုသူများ၊ ရေတော် အသင်းသားများ ခြံရံကာ ရေတော် ဆရာတော် ကြွချီ၍လာပါပြီ  ။မဟာမုနိ ကိုယ်တော်မြတ် အား မြတ်စွာဘုရားရှင် အလား  သက်ရှိထင်ရှား သဘောထား၍ မျက်နှာတော်သစ်ခြင်း တံပူတော်ကပ်ခြင်း(သွားတိုက်ခြင်း) ဆွမ်းကပ်ခြင်း၊ ပန်းကပ်ခြင်၊ သစ်သီးကပ်ခြင်း ​သောက်တော်ရေ ကပ်ခြင်း စသည့်ဝတ်ကြီးဝတ်ငယ် အသွယ်သွယ် ကိုဆောင်ရွက်သော ရဟန်းတော်ကို "ရေတော်ဆရာတော်"ဟု ခေါ်ဝေါ်သမုတ်ကြပါသည်။


မဟာမုနိကိုယ်တော်မြတ်ကြီး ကြွရောက်ပြီး ၆ နှစ်အကြာ ဗဒုံမင်း လက်ထက် မြန်မာသက္ကရာဇ်(၁၁၅၃)ခုနှစ်ပြသိုလဆန်း(၁)ရက်နေ့တွင် ရွှေရေးကျောင်းတိုက် ဆရာတော် အရှင်သြဘာသက စတင်ခဲ့သည်ဟု မှတ်သားရပါသည်။ မဟာမုနိကိုယ်တော်မြတ်ကြီးရောက်ရှိပြီး နှစ်ပေါင်း(၂၂၃)ကျော်ကာလအတွင်း မဟာမုန်ဘုရားကြီး၏ မျက်နှာတော်သစ်ခြင်း အပါအဝင် ဝတ်ကြီးဝတ်ငယ် ပြုစုခွင့်ရသော ဆရာတော်(၇)ပါးသာ ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရတာကတော့ .. စစ်ကိုင်းမင်း လက်ထက်မှာ အင်္ဂလိပ်၊မြန်မာပထမ စစ်ပွဲ။ ပုဂံမင်း လက်ထက်မှာ ဒုတိယ စစ်ပွဲ။သီပေါမင်းလက်ထက်မှာ တတိယစစ်ပွဲများဖြစ်ပွားခြင်း။ တိုင်းပြည်အေးချမ်းတည်ငြိမ်မှု မရှိခြင်း။ သူ့ကျွန်ဘဝ ​ရောက်ခဲ့ရခြင်းစသည့် ကိစ္စရပ်များနှင့် ကြုံတွေ့ရခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားကြီးရဲ့ မျက်နှာကျက်မီးလောင်မှုကိုလည်း (၃)ကြိမ် ကြုံတွေ့ရ ပါသေးတယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားတော့လည်း မန္တလေးနေ လူထုကြီးဟာ စစ်ကိုင်းဖက် စစ်ပြေးတိမ်းရှောင်ရတာတွေရှိပါတယ်။ ပြီးတော့ပြည်တွင်းစစ်ကိုလည်း ကြုံရပါသေးတယ်။ အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေမှာ မျက်နှာတော်သစ်ဝတ်ပြုဖို့ ပျက်ကွက်ခဲ့ရပါတယ်။


ဒါကြောင့် ဒီကာလများအတွင်း ရေတော်ဝတ်ဖြည့်ခဲ့ရတဲ့ ဆရာတော်များမှာ (၇)ပါးသာ ရှိခဲ့ခြင်း ဖြစ်ပါတယ်  ။ရေတော်ဝတ်ဖြည့်ခဲ့သည့် ဆရာတော်ကြီး(၇)ပါးမှာ ..
၁။ရွှေရေးကျောင်းတိုက်ဆရာတော်အရှင်သြဘာသ
၂။တောင်ခွင်ဆရာတော်သုဓမ္မာဂိုဏ်ဥက္ကဋ္ဌ
၃။ဒက္ခိဏာရာမဘုရားကြီးတိုက် သုဓမ္မာဂိုဏ်းဥက္ကဋ္ဌဆရာတော်ဦးဝိုင်း
၄။ဒက္ခိဏာရာမဘုရားတိုက်မင်္ဂလာ ဇေယျုံကျောင်းဆရာတော်ဦးပဏ္ဍဝ
၅။တောင်ပြင်ထီးလင်းတိုက်ဝိဇ္ဇာဓမ္မ အုဋ္ဌ်ကျောင်းဆရာတော်ဦးကုဏ္ဍလ
၆။တောင်ပြင်ထီးလင်းတိုက်ကျားပျံ ပိဋကတ်တိုက်ကျောင်းဆရာတော်ဦးပညာဝံသ
၇။တောင်ပြင်ထီးလင်းတိုက်သဲကုန်း ကျောင်းဆရာတော်ဦးဥက္ကဋ္ဌ တို့ဖြစ်ကြပါသည်။

 

မဟာမုနိဘုရားကြီးရေတော်ဝတ် ဆောင်ရွက်တော်မူသည့် သမ္မုတိရသံဃာတော်သည်
၁။မဟာမုနိဘုရားကြီး တည်ရှိရာမြို့နယ်မှ ကျောင်းထိုင်ဆရာတော်ဖြစ်ရမည်။
၂။အနိမ့်ဆုံး ဓမ္မစရိယ(စာချတန်း)အောင် မြင်ပြီးသော ဆရာတော်ဖြစ်ရမည်။
၃။သက်တော်(၅၀)နှစ်မှ(၇၀)နှစ်အတွင်းဖြစ်ရမည်။
၄။ကြည်ညိုဖွယ်ဆောင်သော ဥပဓိသမ္ပတ္တိနှင့်ပြည့်စုံရမည်။
၅။ရာဇဝတ်မှုကျုးလွန်ခြင်း မရှိရ။
၆။အန္တိမဝတ္ထုဖြင့်ဆိုင်ရာ ဝိနည်း ရုံးဓိုရ်ရုံးမှ ဆုံးဖြတ်ခြင်း မခံရသောပုဂ္ဂိုလ်ဖြစ်ရမည်။
၇။ကိုယ်ရေပြားရောဂါစွဲကပ်ခြင်း မရှိစေရ။
၈။ရေတော်ဆရာတော်လစ်လပ်ခဲ့သော တစ်လအတွင်း ရွေးချယ်တင်မြှောက်တာဝန်ပေးအပ်ရမည်။

စသည့် အချက်(၈)ချက်နှင့်ပြည့်စုံမှသာ ရေတော်ဝတ်ပြုဆောင်ရွက်တော်မူဖို့ ​ရွေးချယ်ခွင့်ပြုခြင်း ခံရသည်ဟု သိရပါတယ်။


ရေတော်ဝတ်ပြုတဲ့ဆရာတော်ဟာ  ကျောင်းတော်ကစတင် ထွက်ခွာတဲ့ အချိန်ကစပြီး  ပြန်ရောက်တဲ့ အချိန်အထိ မည်သူ့ကိုမျှ  စကားပြောဆိုခြင်းမပြုပဲ တရားတော်ကိုသာနှုတ်က ရွတ်ဆိုလျက် စိတ်တည်ငြိမ်စွာ ရေတော်အမှုကို ပြုတော်မူပါတယ်။ မျက်နှာတော်သစ်ခြင်း၊တံပူကပ်ခြင်းစတဲ့ ဝတ်ကြီးဝတ်ငယ် ကိစ္စရပ်တစ်ခုကိုပြုလုပ်တိုင်း လက်အုပ်ချီမိုးပြီးလျှောက်ထားပြီးမှပြုလုပ်ပါတယ်။
ရေတော်ဆရာတော်ဟာ မနက် ၄နာရီ အချိန်ရောက်တိုင်း မဟာမုနိကိုယ်တော် မြတ်ကြီးအား သက်ရှိထင်ရှား ဘုရားရှင် အလားမျက်နှာ တော်သစ်ဝတ်များကိုပြုနေစဉ်  ရတနာသုံးပါးဂုဏ်တော်၊ပရိတ်တော်၊ ပဋ္ဌာန်းဒေသနာတော်များရွတ်ရင်း နိဗ္ဗဒ္ဓဝတ်ကို  သဒ္ဒါတရားပြည့်ဝ စွာဖြင့်ပူဇော်ဆောင်ရွက်ပါတယ်။ ရေတော် ဆရာတော်ရဲ့ ဝတ်ပြုလုပ်နေစဉ်မှာ မြန်မာတူရိယာများမှ ကျက်သရေ မင်္ဂလာရှိသော  ဗုံတော်ခေါက်ဟုခေါ်ဆိုသည့် ​ရေခင်းတီးလုံးသံများက  ဘုရားဖူးလာကြတဲ့ ပရိဿတ်ကိုစိတ်ကြည်နူးမှု ဖြစ်အောင်စေ့ဆော်ပေးနေပါတယ်။


ပရိတ်ရွတ်အသင်းသူ အသင်းသားရဲ့ ပရိတ်ရွတ်ဖတ် ပူဇော်နေသံကလည်း ကြည်ညို သဒ္ဒါ ဖြစ်စေ ပါတယ်။ ထိုအကြောင်းတို့ကြောင့်မန္တလေးသူ မန္တလေးသားများ၊ အနယ်နယ်၊အရပ်ရပ်မှဘုရားဖူး ပုဂ္ဂိုလ်များသာမက နိုင်ငံရပ်ခြား ခရီးသွားများကပါ အာရုဏ်တက်အချိန် ဖြစ်သော  ဘုရားကြီး ၏မျက်နှာတော်သစ် ဗုဒ္ဓပူဇနိယဝတ်ကို လာရောက်ကြည်ညိုမှုပြုကြတာကို ​နေ့စဉ်နေ့တိုင်း မြင်တွေ့ ရပါတယ်။ ရေတော်ဆရာတော်သည် မနက်တိုင်းပြုနေကျဖြစ်သည် မျက်နှာတော် သစ်ဝတ်များပြုပြီးသည်နှင့် သစ္စာဆိုခြင်း၊မေတ္တာပို့ခြင်းတို့ကိုပြုလုပ်ပါတယ်။ရေတော်ဆရာတော် သည် ပထမနမောတဿဘုရားရှိခိုးတယ်။ နောက်အနေကဇာတိသံသာရံဂါထာကို ရွတ်ဖတ်ပူဇော် ပါတယ်။ ဘုရား၊တရား၊သံဃာကို ကိုးကွယ်​ပါ၏။ ဘုရား၊တရား၊သံဃာ အပေါ်မှာယုံမှား သံသယမရှိပါဘုရား။ ဘုရား၊တရား၊သံဃာရတနာ ၃ ပါးကို အသက်ထက်ဆုံးတိုင် ကိုးကွယ်ဆည်းကပ်
သွားပါမည်ဟု သစ္စာပြုပါ၏ ဘုရား။ ဤမှန်ကန်သော သစ္စာစကားကြောင့် တပည့်တော် ကိုယ်တိုင်လည်း  ကောင်းကျိုး အဖြာဖြာနဲ့ပြည့်စုံပါစေ။ ဘုရားဖူးကြွရောက်လာသူ ရဟန်းရှင်လူ ပရိသတ် အပေါင်း၊ဒါယိကာ၊ဒါယိကာမ အပေါင်းတို့ သည်လည်း ​ကောင်းကျိုး မင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံပါစေ လို့  ဆုတောင်းမေတ္တာပို့သပါတယ်။


နံနက်(၅)နာရီခွဲတွင် ပြုမြဲဖြစ်သည့် ဘုရားကြီးအတွက် ဝတ်ကြီးဝတ်ငယ် ကိစ္စများ ပြီးဆုံးလျှင် ရေတော်ဝတ် အသင်းမှလူပုဂ္ဂိုလ်များက "ရေတော်ဆရာတော်ကြီးပြန်လည်ကြွချီပါတော့မယ်"ဟု ဟစ် ကြွေး လိုက်သောအခါ ဘုရားဖူးလာရောက်သူများက သူတို့ပုခုံးပေါ်မှတဘက်ပုဝါများ ၊ခေါင်းမှာပေါင်းထားတဲ့ ခေါင်းပေါင်းများကို ဆရာတော်ကြီး ကြွချီလာမည့်လမ်းမှာ ဖြန့်ခင်း လိုက်ကြသည်။ ဆရာတော်ကြီးသည်ကောဇောသဖွယ်ဖြန့်ခင်းထားသည့် တဘက်ပုဝါများအပေါ်မှာ ညင်သာစွာနဲ့ပဲ တလှမ်းချင်း လျှောက်လှမ်းကြွချီသွားပါတော့တယ်။


( ဆရာ မျိုးမြင့်စံ ရဲ့ မဟာမုနိ ဆောင်းပါး)မှ ကောက်နှုတ်ချက်

 

No comments