New Artical

ဘဝမှာ ဝယ်ယူလို့မရနိုင်တဲ့ ပျော်ရွှင်မှု



ဘဝမှာ ဝယ်ယူလို့မရနိုင်တဲ့ ပျော်ရွှင်မှု

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်…ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ မိသားစုဆရာဝန် (၁၂)ယောက်ထိ သူခန့်ထားခဲ့တယ်။ 

သူ နေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက် စစ်ဆေးပြီးမှသာ စားသောက်လေ့ ရှိပါတယ်။

သူ့ရဲ့နေ့စဉ် ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း (၁၅)ယောက်လောက် ထပ်မံ ခန့်အပ်ထားခဲ့တာပါ။

သူ့ရဲ့ အိပ်ရာမှာ အောက်စီဂျင် ပမာဏကိုထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း အမျိုးမျိုးကို  လှူဒါန်းမယ့် သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင် အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ 

သူတို့ရဲ့ စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာ ဖြစ်ပါတယ်။ ဒီလို အဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိ နေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။

ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး…(၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက်… သူ့အသက်(၅၀)အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ နှလုံးဟာ လုံးဝ အလုပ် မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်(၁၂)ယောက်အပါအဝင် အခြားသော ဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင်ကို မကယ်တင်နိုင်ခဲ့ကြဘူး။ 

(၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက် မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့ သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင်နေချင်ပေမယ့် မနေခဲ့ရပါဘူး။  မိုက်ကယ်ဂျက်ဆင်ရဲ့ စျာပနအခမ်းအနားကို လူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ..  ယနေ့အချိန်ထိ စံချိန် မှတ်တမ်းတစ်ရပ် အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန် ညနေ(၃း၁၅)မှာ Wikipedia, Twitterနဲ့ AOL's instant messengerတို့ဟာ လုံးဝပြတ်တောက်သွားသည်အထိ ဖြစ်ခဲ့တယ်။ လူပေါင်း ရှစ်သိန်းလောက်က Googleမှာ မိုက်ကယ်ဂျက်ဆင်နာမည်ကို တစ်ပြိုင်နက် ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကို ပြန်လည် စိန်ခေါ်သွားခဲ့ပါတယ်။

ဒီနေ့ ကမ္ဘာမှာတော့ ရုပ်ဝတ္ထု ပစ္စည်းတွေ အံ့မခန်း တိုးတက်ထွန်းကားနေတာဖြစ်လို့ ကျနော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက် လိုက်နေကြရတယ်။ ဒါကို မှားတယ်လို့လည်း ပြောလို့မရပါဘူး။ရုပ်ဝတ္ထုများကို ဗဟိုပြုပြီး  လည်ပတ်နေတဲ့ ကမ္ဘာတစ်ခု ဖြစ်လာတာကြောင့်  အဲဒီနောက်ကို လိုက်ကြရမှာပဲ။ 

ဒါပေမယ့် ... နေ့မအား ညမနား လိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့ မလား။ ကျနော်တို့ဟာ တစ်ပတ်ကို တစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို  အချိန်ပေးဖြစ် ခဲ့ကြလို့လား။ ကိုယ်ရှာထားတဲ့ ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံ ​လောက်ကိုတောင် ကိုယ့်ကို ​ပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။

ဒါကြောင့် ကျနော်တို့ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့ ၊ ကိုယ့် ​ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့ လိုပါလိမ့်မယ်။ တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ကျနော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ  ကျနော်တို့နာမည် ခဏလေး ​ရေးထိုးထားခွင့် ရရုံနဲ့ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။

"ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား"စသဖြင့်  ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းက ပြုံးနေလိမ့်မယ် ထင်ပါတယ်။ချမ်းသာအောင် လုပ်စရာမလိုဘူးလို့ ကျနော်ဆိုလိုတာ မဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာ ပိုကောင်းပါတယ်။  ချမ်းသာတာက ပြဿနာတစ်ခု မဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲ ချမ်းသာနေပြီး စိတ် မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။ ကျ‌နော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ အသုံးချဖို့လိုပါတယ်။ 

ဒါမှမဟုတ်... ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။တကယ်တော့ ဘဝမှာ နေပျော်ဖို့အတွက်အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုနဲ့ စိတ်အေးချမ်းမှု ​တွေပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ အဲဒီအရာတွေကို ဘယ်မှာမှ ဝယ်လို့ မရနိုင်တာပါပဲ။

No comments