New Artical

နန်းတွင်းလူသတ်ပွဲ အပိုင်း(၂)

 No photo description available.

နန်းတွင်းလူသတ်ပွဲ အပိုင်း(၂)


အော်သံများပြတ်၍ မကြာမီ အကျဉ်းခန်းမကြီးကိုဖွင့်ကာ လူလေးငါးယောက်ဝင်လာပြန်ပြီး အနီးဆုံး သုံးလေးယောက်ကို ဆွဲငင်ခေါ်ယူသွားကြပြန်သည်။ ထို့နောက် အပြင်မှအော်သံများပေါ်လာပြီး တုံးတိတိ ပြတ်သွားကြပြန်သည်။ တစ်ဖန်တံခါးဖွင့်လာပြီးခေါ်ဆောင်သွားကြပြန်သည်။ အော်သံတစ်ပိုင်းတစ်စ ကြားရပြန်သည်။ ​အော်သံပြတ်သွားလျှင် တံခါးပြန်ပွင့်လာပြန်သည်။ ဤနည်းအတိုင်း တစ်သုတ်ချင်းစီ လာရောက်ဆွဲခေါ်ယူသွားကာ အခန်းအပြင်၌ ကွပ်မျက်သုတ်သင်လိုက်ကြသည်မှာ အာဏာသားတို့ လက်မလည်နိုင်အောင်ရှိကြသည်။ အရုဏ်ကျင်း၍ အလင်းရောင်ပေါ်‌သောအခါ အကျဉ်းခန်းမကြီးအတွင်းရှိ မင်းသား၊မင်းသမီးများ ကုန်စင်သွားပြီး မီးသွေးကျင်းကြီးထဲတွင် မြှပ်နှံသိမ်းဆည်းခြင်း မပြုနိုင်သေးသောယောကျာ်းမိန်းမ အလောင်းပေါင်း ငါးဆယ်နီးပါ းသွေးအိုင်ထဲ၌ စုလိုက်ပုံလိုက် ထပ်၍ ​နေလေသည်။
ထောင်မှူးလေးက သွေးချင်းချင်းနီလျက်ရှိသော အလောင်းပုံကြီးကိုကြည့်ကာ မင်းမျိုးမင်းနွယ်များကို စီရင် ကွပ်မျက်သောအခါ သွေးမြေမကျရအောင် လည်မျိုကို တုတ်နှင့်သာရိုက်ရမြဲ ဖြစ်လျက် ဤမျှသွေးအိုင်ထွန်းနေသလောဟု မေးမြန်းသောအခါ အာဏာသားများက.....
"နားလည်ပါတယ် ထောင်မှူးလေး၊ ဒါပေမယ့် ဒီလောက်များတဲ့ မင်းမျိုးတွေကို တုတ်နှင့်သာ ရိုက်သတ်မယ်ဆိုရင် ၁ဝရက်နဲ့ မပြီးနိုင်ဘူးဗျ။ အမိန့်ပေးတဲ့ လက်သုံးတော်ကြီးများကလည်း ညဉ့်တွင်းချင်းပြီး​အောင် အကုန်သုတ်သင် ရမယ်ဆိုတော့ ကျွန်တော်တို့မှာ ဓားနှင့်ပိုင်းရတာတောင် လက်အံ‌သေနေလို့ ဓားကို လူလဲကိုင်ရပါတယ်"ဟုပြောပြသည်။
ထိုအချိန်တွင်ထောင်မှူး ရောက်လာပြီး အလောင်းများကိုရှင်းလင်းဖို့ လူတွေသွားခေါ်၊ အလောင်းများကို ရှင်းလင်းမြုပ်နှံရန် အမိန့်ပေးလိုက်ပြီး ညဉ့်လုံးပေါက် အမှုထမ်းသူများကို တရေးတမောအိပ်စက်နားနေစေရန် အမိန့်ပေးလိုက်သည်။
နေ့လယ်အချိန်တွင် မှန်နန်းဓနုဆောင်၌ သီပေါမင်းတရားသည် အတွင်းဝန်များနှင့်ညီလာခံသဘင် ဆွေးနွေး တိုင်ပင်လျက်ရှိသည်။
ထိုအချိန်တွင် သီပေါမင်းတရား၏ မယ်တော် လောင်းရှည်မိဖုရားဝင်ရောက်လာပြီး
"မောင်ရင်ရယ် ရက်စက်လိုက်တာ ရှင်ဘုရင်လေး လုပ်ရရုံနဲ့နောင်တော်ညီတော်တွေကို ရက်ရက်စက်စက် တစ်ပြုံလုံး သတ်ပစ် လိုက်ရရော့လား"ဟု ရင်ထုကာ မိန့်တော်မူလိုက်သောအခါ ..
သားတော်သီပေါမင်းနှင့် တကွ အပါးတော်တွင်ရှိကြသော မှူးမတ်တော်များပါ ရုတ်တရက် နားမလည် နိုင်အောင် ရှိသွားကြသည်။ ထိုအခါသားတော်သီပေါမင်းက အံ့သြစွာဖြင့်
"မယ်ဖျား မိန့်တော်မူခြင်းမှာထူးဆန်းလှပါတယ်။ ဘယ်နောင်တော်တစ်ပါးကိုမျှ သားတော်မသတ်ရပါ၊ အကျဉ်းထောင် ထဲက ‌နောင်တော်တွေ သေကုန်ပြီဆိုတာ ဘယ်နည်းနဲ့သေကုန်ပါသလဲ၊ သားတော် မသိရသေးပါကလား" ဟုတင်လျှောက်ရာ ..
မယ်တော်က "ဘာပြုလို့မသိရလဲ၊သားတော်ရဲ့လက်သုံးတော်တွေ ညကလာပြီး တစ်‌ယောက်မကျန် သတ်သွားလို့ အကျဉ်းထောင်ထဲမှာ သွေးချောင်းစီးကျန်ရစ်သတဲ့" ဟုဆိုလျှင် သီပေါမင်းက လက်သုံးတော်ကြီးများ အား အတွင်းဝန်တို့ကိုသွားရောက်ခေါ်ဆောင်စေသည်။
ထိုအချိန်တွင် နန်းမတော်စုဖုရားလတ် ဝင်တော်မူလာပြီး "အရီးဖုရားရောက်နေတာပါလား"ဟုဆိုကာ သလွန်ဘက်တွင်လာထိုင်သဖြင့် လောင်းရှည်မိဖုရားက နောင်တော်များ အသတ်ခံရသည့်အကြောင်းကို ဝမ်းနည်းစွာပြောပြသည်။
ထို့နောက် ထွက်သွားသော အတွင်းဝန်တစ်ချို့ အပါးတော်သို့ရောက်လာပြီး သူတို့နောက်တွင်လည်း လက်သုံးတော်ကြီးတစ်ချိူ့ ပါလာပြီးပြားပြားဝပ် ခစားကြလေသည်။ အတွင်းဝန်များက အမိန့်တော်မြတ်အတိုင်း စုံစမ်းမေးမြန်း၍ သိရသမျှ သံတော်ဦးတင်ရမည့်အကြောင်းခွင့်တောင်းလျှင် သီပေါမင်းတရားက တင်စေဟုခွင့်ပြုသောကြောင့်......
"ကြေးတိုက်အတွင်းဖမ်းဆီးထားသော အရှင့်ညီတော်နောင်တော်များကို ယမန်နေ့က ရာဇဝတ် အကျဉ်းထောင်ကြီးကို ပြောင်းရွေ့လိုက်ခြင်းကို ထောင်မှူး၊ထောင်ကြပ်နှင့်တကွ အမှုတော်ထမ်းများမှာ ထုံးစံအတိုင်း ရွှေလွှတ်တော်ကြီးက ရာဇဝတ်သင့်ထိုက်သော စီရင်ချက်ချပြီးသူများဟု ယူဆကြပါသည်။ ထောင်အမှုထမ်းတို့ယူဆသကဲ့သို့ လက်သုံးတော်ကြီးများကလည်းထင်မြင်ယူဆကြသဖြင့် ပွဲလမ်းရအောင် အရှင့်အမှုတော်ကို မျက်နှာလို အားရဆောင်ရွက်မိ ကြပါသည်ဟု အစစ်ခံကြသည်။ ထောင်မှူးနှင့်အာဏာပါးကွပ်သားတို့သည်လည်း တန်ခိုးကြီးလှသော လက်သုံးတော်ကြီးများ၏ အမိန့်ကို အရှင့်အမိန့်တော်ဟုထင်မှတ်၍ ဝတ္တရားအရ အမှုတော်ကို ထမ်းဆောင်လိုက်ရကြောင်းထွက်ဆိုသောအခါ သီပေါမင်းတရားလည်း အမျက်တော်ထွက်ပြီး......
"ကောင်းပြီ သည်တော့ သင်းတို့တစ်တွေကို အလွန်ကြီးလေးတဲ့ ရာဇဝတ်အပြစ်ဒဏ်မျာ းပေးမှတော်မည်။ ငါ၏ညီတော်နောင်တော်တွေသေရသလို သင်းတို့အားလုံး သေစားသေစေရမည်" ဟု မိန့်တော်မူသောအခါ အပါးတွင်ထိုင်လျက်ရှိ‌သော နန်းမတော်စုဖုရားလတ်က.......
"အကုသိုလ် မများရအောင်တရားနှလုံးသွင်း ပါ မောင်မောင်ရယ်။ ဒီအကောင်တွေ မျက်နှာရမလား လုပ်မိကြပြီဟာ၊ ​မောင်မောင့် ပယောဂပါသည်မဟုတ်ပါ။ သင်းတို့တတွေကိုထပ်၍ သတ်ပြန်လည်း မောင်မောင့်မှာပင်အကုသိုလ် လာလို့ငြိပါလိမ့်မည်" ဟုဆိုလေရာ အပါးတွင်ရှိသော မယ်တော်‌လောင်းရှည်မိဖုရားကလည်း...... "သည်အကောင်မိုက်တွေ တပြုံကြီးထပ်၍ သတ်ပြန်လျှင် သေသူတွေ ပြန်ရှင်လာမည် မဟုတ်ပါဘူး သားတော်" မယ်တော်လောင်းရှည်မိဖုရားက ဆက်ပြီး......
"မောင်ရင်လည်းသင်းတို့ကို အိမ်တော်တွေဆိုပြီး ရာထူးတွေ ​ပေးကမ်းချီးမြင့် ထားလိုက်လေတော့ မြှေုာက်စားလွန်းလို့ ရောင့်တက်ကြတယ် ၊နောင်ကိုလည်း မမှားသင့်တဲ့ကိစ္စ မမှားရလေအောင် စည်းကမ်းသတ်မှတ်ထားသင့်ပြီ" ဟုအမိန့်ရှိရာ
စုဖုရားလတ်က......
"အရီးတော်မိန့်တော်မူတဲ့ အတိုင်းသင့်မြတ်လှပါတယ် မောင်တော်ဘုရား၊ ဒီတော့သင်းတို့ရဲ့ အသက်နှင့် ရာထူးစည်းစိမ်ကိုဖြုတ်ချခြင်းမပြုဘဲနှင့် သတိတရားရအောင် စည်းကမ်းတစ်ခုထား၍ ဆုံးမမိန့်ကြားတော်မူပါ" ဟုတောင်းပန်သောကြောင့် ..
သီပေါမင်းတရား စိတ်တော်ပြေသွားသဖြင့် အတွင်းဝန်များအား မယ်တော်နှင့် နှမတော်စုဖုရားလတ်တို့က အကုသိုလ် မပွားရလေအောင်တောင်းပန်သည်ကတစ်ကြောင်း၊ သင်းတို့အထင် အမှတ်မှားယွင်းသည် တစ်ကြောင်းများကြောင့် အသက်နှင့်ရာထူးစည်းစိမ်ကိုချမ်းသာပေးမည်။
သို့ရာတွင် နောက်နောင် တိုင်းပြည်မှုနှင့်စပ်လျဉ်းသော အရာများတွင် ဝန်ကြီးများ၊ အတွင်းဝန်များ မသိရဘဲ လက်သုံးတော်တို့ အာဏာဖြင့် တစ်စုံတစ်ရာမပြုလုပ်ရဟု ကျပ်တည်းစွာ အမိန့်ထုတ်ပြန်လိုက်‌လေသည်။ ရနောင်မြို့စားမင်းသားကြီး မောင်မောင်တုတ် ခေါင်းဆောင်သော လက်သုံးတော်ကြီးများမှာ ရှေ့တော်၌ကြောက်ရွံ့စွာ ကုပ်၍နေကြရာမှ စုဖုရားလတ်၏တောင်းပန်ချက်အရ သီပေါမင်းတရားကြီး အမိန့်ချလိုက်သောအခါ အသက်ရှူခွင့်ရသွားကြပြီး မျက်နှာများလင်းထိန်သွားကြလေ၏။
နန်းမတော်စုဖုရားလတ်ကလည်း အရီးတော်လောင်းရှည်မိဖုရားနှင့်မောင်တော်ရွှေနန်းရှင် တို့ကို......... ယခုလိုနောင်တော်၊ညီတော်၊အစ်မတော်၊ညီမတော်​စတဲ့ ခမည်းတော် မင်းတုန်းမင်းဘုရားကြီး၏ သားတော်၊ သမီးတော်၊ ဆွေမျိုးတော်များတို့ မတော်တဆ ပျက်စီးရသည်ကို စိတ်တော်​​ကြေကွဲခြင်း ဖြစ်လှ၍ ကွယ်လွန်ရှာသူတို့ကို ရည်မှန်းပြီး အမျှအတန်းဝေငှရန်၊ အလှူဒါနများ ကြီးကျယ်စွာပြုလုပ်စေလိုကြောင်း... ကျန်ရှိသော မင်းသား မင်းသမီးများကိုလည်း ရွှေနန်းတော်တွင် ခမည်းတော် မင်းတုန်း ဘဝရှင်ဘုရား ရှိတော်မူစဉ်က အတိုင်းမနှိမ့်မချမြှောက်စားချီးမြှင့်ထားလိုစေကြောင်း...
ယခုဖြစ်ပျက်ပြီးခဲ့သောပြုပြင်၍ မရနိုင်တော့သည့် ​ကြေကွဲဖွယ်ရာ အကြောင်းတို့ကိုပြန်လည်အောက်မေ့ လျက်၊ တသက်သက် တင်ငင်နေသင့်တော့မည် မဟုတ်သဖြင့် မေ့မေ့ပျောက်ပျောက် ဖြစ်စေရန် အလှူအတန်းနှင့်ဆက်စပ်သော ပွဲလမ်းသဘင်များ ခံစေ၍ စိတ်ပြေလက်ပျောက် စံနေတော်မူကြရန် သင့်လျော်အကြံများပေးစကားမိန့်ကြားတော်မူခြင်းဖြင့် နိဂုံးချုပ်လိုက်လေ၏။

ကိုးကားချက်။ ။ဆရာမကြီး ဒဂုန်ခင်ခင်လေး ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး စာအုပ်မှ

No comments