New Artical

အိမ်သူသက်ထား ကြင်ဖော်အား "မယား"


 အိမ်သူသက်ထား ကြင်ဖော်အား "မယား"

 

မန်လည်ဆရာတော်ဘုရားသည် 'မယား" ဆိုသော ဝေါဟာရကို ပီပီပြင်ပြင် စကားရွှင်ရွှင်နှင့်ပင် အဘိဓာန်ဖွင့်သွား၏။ ဘယ်လိုသတ္တဝါမျိုးကို "မယား"ခေါ်လေသနည်း။ လူတို့တွင် အကြင်လင်မယားအခွင့်သာရုံ၊ ချစ်ပါကုန်သည်၊ အာရုံ အသက်ထား၍။

 

ဤစကားတွင် မယားဆိုသည်မှာ_

ယောကျာ်းကျိကျိ၊ ယားချိချိနှင့်၊ ရှိသည့်ထိုအခါ၌ လွန်သာယာသည်၊ ခံသာမငြီးစေ။ လင်ယောကျာ်းတို့ အယားပျောက်အောင်၊ ရွက်ဆောင်နေ့ည၊ တမမတည့်၊ ယားကဖျောက်တတ်လေ၍။ ထို့ကြောင့်ပေ၊ လူ့ပြေရှေးအဟို အိမ်သူသက်ထား၊ ကြင်ဖော်များကို၊ "မယား"ဟူ၍ဆို၏။ ဤကား ပဒုမပြဇာတ်လာ စကားဖြစ်၏။ အချုပ်အားဖြင့် "လင်ယောက်ျားကိုအယား ပျောက်အောင် ဖျောက်ပေးသူ"ဟုဆိုလိုသည်။ သာမန်အားဖြင့်ကြည့်သော် ယင်းဖွင့်ဆိုချက်မှာ ရိုင်းသည်ဟု ထင်ဖွယ်ရှိသော်လည်း စင်စစ်အားဖြင့် ယဉ်ကျေးသောဖွင့်ဆိုချက်(ဗျူပ္ပတ်ရှုထောင့်မှကြည့်လျှင် အဓိပ္ပါယ်ပီပြင်သော ဖွင့်ဆိုချက်)သာဖြစ်၏။ 

 

မြန်မာမှု၌ "ယား"ဟုစကားလုံးသည် မငြိမ်မသက် ဖြစ်ခြင်းအနက်၊ လှုပ်ရှားခြင်းအနက်၊ ကြရွခြင်းအနက် ဖြစ်၏။ ယောကျာ်းသည် သားကျွေးမှု၊ မယားကျွေးမှုအတွက် အမြဲ ရုန်းကန် လှုပ်ရှားနေရသူ၊ နေ့တကုတ်ကုတ် ညတကုတ်ကုတ် နေပူမိုးရွာမရှောင် အလုပ်လုပ်နေရသော အလုပ်သမား ယားနေသူဖြစ်၏။ လှုပ်ရှားရဖန်များလျှင် အယားများ၏။ များများယား၏။ အလုပ်များ(အယားများ)လျှင် ပင်ပန်း၏။ နွမ်း၏။ မောဟိုက်၏။ ထိုအခါ လင်ယောကျာ်းခများ ပင်ပန်းနွမ်းဟိုက်သည်ကို မယားခမျာက မကြည့်ရက်နိုင်သဖြင့် အမောအပန်းပြေပျောက်အောင် အယားပြေသွားအောင် ပြုစုယုယမှုအသွယ် သွယ်တို့ဖြင့် အယားဖြေပေးသည်။ လင်ယောကျာ်း အမောပြေအောင်၊ အယားပျောက်အောင် ဖျောက်ပေးသော ဗျူပ္ပတ်ကိုရှု၍ မယားဆိုသည်မှာ ယောကျာ်းကျိကျိ၊ ယားချိချိနှင့် ရှိသည့်ထိုအခါ၌ ဟူ၍ဆရာတော်ဆိုသတည်း။ ဆရာတော်သည် မယားကို အနက်နှစ်မျိုး ဖွင့်ဆိုထား၏။ 

 

လင်ကို အယားဖြေတတ် သူ၊ ကိုယ်တိုင်လည်း ယားနေသူ၊ ယင်းနှစ်မျိုးတွင် ဒုတိယအနက်ကို ပဒုမပြဇာတ်၌ ဖွင့်ဆို ပြန်သည်ကား_

သူတို့ကလည်း အလိုကြီးမား ယောကျာ်းပေါ်မှာ တကြောသာအောင်၊ သေပါလုလုယားရှင့်။ သည်ကြောင်းကျားကြောင့်၊ မယားခေါ်ကြဆို ယားလည်းယားတတ်။ ယားစေတတ်သည် ပညတ်များ ထိုထိုတည်း။ ဤစကားအရ ကောက်ချက်ချသော် သူတို့ကိုယ်၌ကလည်းယားသောကြောင့် မယား ဟုစာရွှင်ရွှင်နှင့်တင်ပြသွားခြင်းဖြစ်သည်။ သို့သော် မယားသည် ဘာကို ယားသနည်း။ ဘာတွေ ဘာတွေက ယားယားနေသ နည်း။ စဉ်းစားလျှင် အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ။ မိစ္ဆာကြဉ်ရှောင်ဟူသော မယား ဝတ်ငါးပါးကို ညွှန်ထား၍မရပေ။ အိမ်တွင်းမှုလုပ်ဟူသော စကားဖြင့် အလုပ်များကြောင်း ကိုဆိုသည်။ အလုပ်များခြင်းသည် မိန်းမတို့၏လှုပ်ရှားခြင်း၊ ယားခြင်းပင်တည်း။ 

 

အလုပ် များသောနေရာတွင် မိန်းမများက ယောကျာ်းများထက် သာလေသည်။ အလုပ်များသော ကြောင့် အလုပ်မြန်မြန်ပြီးဖို့အတွက်လည်း ယောကျာ်းထက် ဆန္ဒစောကြလေသည်။ အလို ကြီးကြသည်။ ဤသည်ကို ရည်၍သာ မန်လည်ဆရာတော်ဘုရားက သူတို့ကလည်း အလိုကြီးမား ယောကျာ်းပေါ်မှာ၊ တကြောသာအောင် သေပါလုလုယားရှင့် ဟုစပ်ဆိုသတည်း။ တလှုပ်ရှားရှား အလုပ်များခြင်းကို ယား သည်ဟု ဆိုသည်။ ထိုယားခြင်းမျိုးကား ယောကျာ်းများထက် ပို၍ယားသည်။ ပို၍အလုပ် များသည် ကိုယ်တိုင်ယားနေသော အယားများကို မယားအောင်၊ အယားပြေအောင် ဖြေဖျောက်တတ်သောကြောင့် "မယား" ခေါ်သည်ဟု ဒုတိယအနက် ဆက်၍ မန်လည်ဆရာတော် ဖွင့်ဆိုလေသည်။ 

 
ဒဂုန်ဦးစန်းငွေ

No comments