New Artical

ဆေးဖက်ဝင်တယ်ဆိုတဲ့ ရှီးပဒီး အကြောင်း သိကောင်းစရာ


ရှီးပဒီး ဆိုတာ သက်ရှိတစ်ပိုင်း၊ အပင်တစ်ပိုင်း လို့ သိထားကြသလို တန်ဖိုးကြီးတဲ့ ရှားပါးဆေးဖက်ဝင်ပစ္စည်း လည်း ဖြစ်ပါတယ်။ တကယ်တော့ သူဟာ သက်ရှိသတ္တဝါ မဟုတ်ပါဘူး။ အာရှဒေသတွေရဲ့ မြင့်မားတဲ့တောင်ထိပ်တွေမှာ တွေ့ရှိရတတ်တဲ့ မှိုတစ်မျိုးသာ ဖြစ်ပါတယ်။

အင်းဆက်ပိုးလောင်းတွေရဲ့ ကိုယ်ပေါ်မှာ ရှင်သန်တဲ့ ကပ်ပါးမှိုတစ်မျိုး ဖြစ်ပြီး လက်ခံပိုးလောင်းကို ကပ်တွယ်သိမ်းယူပြီး ပိုးလောင်းခန္ဓာကိုယ်မှာ အပင်အဖြစ် ရှင်သန်လာခဲ့တာပါ။ ဒါ့ကြောင့် သူ့ကို ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ဆိုကြတာပေါ့။

ရှီးပဒီး ဖြစ်လာတဲ့အခါ ပိုးလောင်းလေးရဲ့ ခန္ဓာကိုယ်ကနေ အညှောင့်လေးထွက်လာပြီး အခုလို ပုံသဏ္ဍာန် ဖြစ်လာပါတယ်။ ဒီအပင်တွေကိုမှ တူးယူပြီး အခြောက်ခံကာ တန်ဖိုးကြီးဆေးဝါးတွေ အဖြစ် ပြန်လည်ရောင်းချကြပါတယ်။ ရောဂါအစုံကို ကုသနိုင်တယ်၊ ခွန်အားတိုးတယ်ဆိုပြီး တရုတ်တိုင်းရင်းဆေးလောကမှာတော့ ရှီးပဒီးက ဆရာတစ်ဆူပါပဲ။

ဆေးဖက်ဝင်တာ တကယ်လား

ရှီးပဒီးပင်တွေကို သဘာဝခွန်အားတိုးဆေး အဖြစ် Herbal Medicine လောကမှာ သုံးကြတယ်၊ ဖြည့်စွက် ဆေးဝါးတွေ ထုတ်လုပ်ကြတယ်။ ရှီးပဒီးက ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချို၊ မောပန်းနုံးချိခြင်း၊ စိတ်ကျရောဂါ၊ ကိုလက်စထရောများခြင်းနဲ့ အသက်ရှူလမ်းကြောင်းရောဂါ တို့လို ရောဂါအမျိုးမျိုးအတွက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။

ကိုယ်ခံအားအတွက် ကောင်းတယ်၊ ကျောက်ကပ် ရောဂါအတွက် ကုသနိုင်တယ်၊ အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်အတွက် ကောင်းတယ်၊ အသည်း နဲ့ဆိုင်တဲ့ ပြဿနာတွေအတွက် သက်သာစေနိုင်တယ်လို့ ပြောကြတယ်။ ရှီးပဒီးအတွက် သုတေသန လေ့လာမှုတွေ ရှိခဲ့ပေမယ့် လုံလောက်တဲ့ အထောက်အထားခိုင်မာမှုတော့ မရှိခဲ့ပါဘူး။

တိရစ္ဆာန်တွေနဲ့ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ အလားအလာကောင်းကြောင်း တွေ့ခဲ့ရပေမယ့် ထပ်ပြီး လေ့လာအတည်ပြုဖို့ လိုအပ်သေးတယ်လို့ သိရပါတယ်။ သဘာဝအတိုင်း ရရှိဖို့ ခက်ခဲပြီး စျေးလည်းကြီးလှတဲ့ ရှီးပဒီးကို အခုချိန်မှာ ဆေးဝါးတွေ ထုတ်လုပ်နေကြတာဟာ အများစုက ဓာတ်ခွဲခန်းမှာ ပွားယူစိုက်ပျိုးထားတဲ့မျိုးတွေ ဖြစ်ပါတယ်။

အခုချိန်ထိ သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားတဲ့ ရလဒ်တွေအရ ရှီးပဒီး ရဲ့ဆေးဖက်ဝင်ပုံတွေကတော့ –

(၁) ခွန်အားနဲ့ ကြံ့ခိုင်မှု ပိုကောင်းစေတယ်

ဒါက အားကစားသမားတွေမှာ ပိုပြီး သိသာပါတယ်။ ရှီးပဒီးက ကြွက်သားတွေဆီ ခွန်အားပေးပို့ရာမှာ အရေးပါတဲ့ adenosine triphosphate (ATP) ခေါ် မော်လီကျူးတစ်မျိုးကို ခန္ဓာကိုယ်တွင်းထုတ်လုပ်မှု တိုးမြှင့်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

ရှီးပဒီးက ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင် အသုံးချနိုင်စွမ်း ပိုကောင်းစေနိုင်တယ်၊ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားအားကစားလုပ်နေချိန်မှာပေါ့။ ခွန်အားပိုရှိစေပြီး အားကစားစွမ်းဆောင်ရည် ပိုကောင်းစေတယ်၊ အမောခံနိုင်တယ်၊ သက်လုံကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်။

(၂) အရွယ်တင်စေတယ်

နုပျိုနေတဲ့ အရေပြားအလှအပထက် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ အိုမင်းလျော့ကျမသွားဘဲ အရွယ်တင်တာက ပိုပြီးကောင်းပါတယ်။ ရှီးပဒီးကို အရင်တည်းက သောက်သုံး၊ စားသုံးလာခဲ့တဲ့ သက်ကြီးပိုင်းအရွယ်တွေဟာ မောဟိုက်နုံးချိတာ၊ အားကုန်တာ၊ လိင်ကိစ္စ မစွမ်းတော့တာတွေ ဖြစ်နိုင်ခြေ နည်းပါတယ်တဲ့။

သူ့ရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှုကြောင့် ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်မှုတွေကို ဟန့်တားပေးနိုင်တာလို့ သုတေသီတွေက ပြောပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်နဲ့ လိင်စွမ်းဆောင်ရည် ကျဆင်းမှု တွေကိုလည်း ပြန်လည်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။

(၃) အကျိတ် ကို တားဆီးပေးတယ်

လေ့လာမှုတွေအရ ရှီးပဒီးက အကျိတ်တွေ ကြီးထွားမှုနဲ့ ပြန့်ပွားမှုကို နှေးစေတယ်လို့ သိရပါတယ်။ ဓာတ်ခွဲခန်းလေ့လာမှုတွေအရ ရှီးပဒီးက အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြားကင်ဆာ၊ အသည်းကင်ဆာ အပါအဝင် ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးနိုင်တာ တွေ့ရပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်မှုမှာတော့ ပြန်ရည်ကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ နဲ့ အဆုတ်ကင်ဆာတို့မှာ အကျိတ်ဟန့်တားနိုင်တဲ့ အာနိသင်ကို တွေ့ရှိထားပါတယ်။

(၄) ဆီးချိုသွေးချို အမျိုးအစား ၂ ကို ကုသနိုင်တယ်

ရှီးပဒီးက ဆီးချိုသွေးချို အမျိုးအစား ၂ ရှိသူတွေမှာ အင်ဆူလင်ရဲ့ လုပ်ဆောင်ချက်ကို တုပပြီး သွေးတွင်းသကြားဓာတ်ကို မှန်ကန်တဲ့အတိုင်းအတာအတွင်း ထိန်းညှိပေးတဲ့ အာနိသင်ရှိတယ်လို့ တိရစ္ဆာန်တွေနဲ့ သုတေသနမှာ တွေ့ရှိထားပါတယ်။

(၅) နှလုံးကျန်းမာရေး အတွက် ကောင်းတယ်

တရုတ်နိုင်ငံမှာ ဆိုရင် ရှီးပဒီးကို နှလုံးခုန်စည်းချက်မမှန်ခြင်း အတွက် ကုသဆေးအဖြစ် အတည်ပြုပေးထားတယ်လို့ သိရပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ခဲ့တဲ့ သုတေသနတွေ့ရှိချက်တွေအရ  နာတာရှည်ကျောက်ကပ်ရောဂါကြောင့် နှလုံးထိခိုက်လာနိုင်ခြေ လျော့နည်းစေတယ်လို့ တွေ့ရှိထားပါတယ်။

သဘာဝအလျောက် adenosine ဒြပ်ပေါင်း ပါဝင်မှုကြောင့် နှလုံးကို ကာကွယ်ပေးတဲ့ အာနိသင်ရှိနေတာလို့ သုတေသီတွေက ပြောပါတယ်။ ဒါ့အပြင် မကောင်းတဲ့ သွေးတွင်းကိုလက်စထရောတွေကို လျော့နည်းစေတဲ့ အာနိသင်လည်း ရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

ရှီးပဒီးဆေးကို သောက်မယ်ဆိုရင်

ရှီးပဒီးကို သဘာဝအလျောက် ရရှိနိုင်ဖို့ မလွယ်ကူသလို စျေးနှုန်းကလည်း အတော်ကို မြင့်မားပါတယ်။ ဒါ့ကြောင့် စျေးကွက်ထဲမှာ ရှိနေတဲ့ ဖြည့်စွက်ဆေးဝါးအများစု က ဓာတ်ခွဲခန်းမှာ မွေးမြူထုတ်လုပ်ထားတာ များပါတယ်။

ရှီးပဒီးဖြည့်စွက်ဆေးဝါးကို သောက်မယ်ဆိုရင် အရည်အသွေး စိတ်ချရတဲ့ အမှတ်တံဆိပ်ဖြစ်ဖို့၊ သက်ဆိုင်ရာကျန်းမာရေးအသိအမှတ်ပြု ထောက်ခံချက် ရှိတဲ့ အမှတ်တံဆိပ်ဖြစ်ဖို့ ဦးစားပေး စဉ်းစားပါ။ နောက်တစ်ချက်က ကိုယ့်ရဲ့ကျန်းမာရေး ရောဂါအခံနဲ့ စွဲသောက်နေရတဲ့ ဆေးဝါးတွေနဲ့ တည့်မတည့် ချင့်ချိန်ပါ။ တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

လူသားတွေမှာ လက်တွေ့စမ်းသပ်ထားတဲ့ ရလဒ်တွေ မရှိသေးတာကြောင့် ဘေးထွက်ဆိုးကျိုး ရှိမရှိကို အတိအကျ မတွေ့ရှိထားသေးပါဘူး။ ဒါ့ကြောင့် ဘယ်လောက်ပဲ ကောင်းတယ် ဆိုသော်ငြားလည်း ဉာဏ်ရှိသလို ချင့်ချိန်ပါလို့ ပရိသတ်ကို သတိပေးလိုက်ပါရစေနော်။

HelloSayarwon

No comments