New Artical

မလေးရောက်မြန်မာတွေကို ဌာနေပြန်ခေါ်မယ့် လေယာဉ်ရောက်မလာ ခရီးစဉ်ဖျက်သိမ်း

 


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ ပိတ်မိနေသူတွေနဲ့ ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော် လိုက်ပါမယ့် လေယာဉ်ခရီးစဉ် ဖျက်ခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ မလေးရှားမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းရေးစခန်းက လွတ်ရက်စေ့ အကျဉ်းသားတွေကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပို့ေဆောင်ပေးနေရာမှာ ဒီကနေ့ပို့ဆောင်မယ့် အစီအစဉ် ပျက်ခဲ့ပြီးနောက် ဖမ်းဆီးခံရသူတွေလည်း အကျဉ်းစခန်းတွေ ပြန်ပို့ခဲ့ရပါတယ်။ ကယ်ဆယ်ရေးလေယာဉ်တွေတပတ်ကို ၃ကြိ်မ်ထိ တိုးပြီး ပျံသန်းမယ့် ခရီးစဉ်စတင်မယ့် ဒီနေ့မှာပဲ မြန်မာနိုင်ငံက လေယာဉ်ရောက်မလာတဲ့အတွက် ခရီးစဉ်ပျက်ခဲ့ရကြောင်း မလေးရှားအခြေစိုက်မြန်မာလူမှု့ကူညီရေးအသင်းဥက္ကဌ ဦးစန်းဝင်းက ပြောပြပါတယ်။

“ ၄၆ကြိမ်မြောက် မြန်မာကယ်ဆယ်ရေးလေယာဉ်အစီစဉ်က ဒီနေ့နေခင်း၃နာရီမှာ မလေးရှားကနေ ထွက်ခွာဖို့ စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လေကြောင်းအစီစဉ် ဖျက်သိမ်းလိုက်တယ်။ မြန်မာပြည်ကနေ လေယာဉ်မလာနိုင်လို့ဆိုပြီးကြေညာပါတယ်။ ဒါတော့မြန်မာပြည်ထဲက အခြေအနေနဲ့ ပတ်သက်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲဒီလိုဖျက်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံသားအကျဉ်းသားတွေ ဖမ်းဆီးခံထားရသူ ၅ဝနဲ့ မြန်မာနိုင်ငံသား ၁ဝဝကျော်က ပြန်ခွင့်မရခဲ့ဘူး ။ လေကြောင်းအစီအစဉ် ပျက်သွားပါတယ် အကျဉ်းသားတွေနဲ့ အကျဉ်းဦးစီးက လူတွေပါတယ်။ အကျဉ်းသားတွေကိုတော့ ကျနော်တို့ စေတနာရှင်တွေက လှူဒါန်းတဲ့ အစားအသောက်တွေ ကျွေးမွေးပြီး သူတို့ကို သက်ဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စခန်းတွေကိုပြန်ပို့လိုက်ကြပါတယ်။”

ကိုဗစ်ကပ်ဘေးကာလမှာ မလေးရှားမှာပိတ်မိနေသူတွေကို နေရပ်ပြန်ပို့နေရာမှာ ဖေဖေါ်ဝါရီလ ၁ရက်နေ့ကစတင်ပြီး တပတ်ကို ၃ရက် ကယ်ဆယ်ရေးလေယာဉ်တွေစီစဉ်ထားကြောင်း မြန်မာနိုင်ငံခြားရေးဌာနကကြေညာထားတာပါ။ မလေးရှားနိုင်ငံမှာလည်း နေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးကို စာရင်းပေးသွင်းထားသူ လူဦးရေ တသောင်းကျော်ရှိနေပြီး ထိန်းသိမ်းရေးစခန်းမှာလည်း လွတ်ရက်စေ့နေတဲ့ မြန်မာအကျဉ်သား ထောင်ဂဏန်းလောက်ရှိနေတာပါ ။

မလေးရှားအစိုးရကလည်း တရားမဝင် နေထိုင်သူတွေ အနေနဲ့ ဒဏ်ကြေးပေးပြီး နေရပ်ပြန်နိုင်ဖို့လမ်းကိုလည်း ဖွင့်ထားပါတယ်။ မလေးရှားနိုင်ငံမှာ အလုပ်အကိုင်အခက်အခဲ ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံနယ်စပ်ဒေသတွေကနေ တရားမဝင်ပြန်ဖို့ ကြိုးစားရာက ဖမ်းဆီးမှုတွေလည်းကြုံနေရပါတယ်။ မြန်မာအစိုးရကတော့ နေရပ်ပြန်မယ့်သူတွေမြန်မြန်ဆန်ဆန်ပြန်နိုင်ရေးအတွက် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စတင်ပြီး ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေ တိုးချဲ့ပျံသန်းမယ်ဆိုပြီးကြေညာခဲ့တာဖြစ်ပါတယ်။ 


Ref : VOA


No comments