New Artical

ဆွမ်းတော်စွန့်သည့် သစ်သီး နှင့် ပန်းကို ပြန်သုံး ရမရ

 


ဆွမ်းတော်တင်ခြင်းနဲ့ ပတ်သတ်၍

မေး။ ။ အရှင်ဘုရား။ ဘုရားမှာ တင်ထားတဲ့ သစ်သီးကိုကျတော့ လူတွေစားကြတယ်။ ပန်းကျတော့ လူတွေပြန်မသုံး ရဘူးလို့ ပြောကြတယ်ဘုရား။

အဲ့ဒါဘယ်လိုလဲ သိချင်လို့ပါ ဘုရား။ နောက်ပြီး ငရဲကြီးတယ် ဆိုတာမျိုးရောရှိလားဘုရား။ အဲဒါလေး ဖြေပေးစေချင် ပါတယ်ဘုရား။

ဖြေ။ ။ တကယ်တော့ ပန်းကိုလည်း မပန်သင့်ဘူး သစ်သီးလည်း ပြန်မယူသင့်ပါဘူး။ လှူတဲ့လူဆိုရင် ပိုတောင် မယူသင့်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ လှူတဲ့လူက မုတ္တစာဂီ-တွယ်တာတပ်မက် တွန့်တိုမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသား ဖြစ်လို့ပါ။

ဆွမ်းတော် တင်တယ်၊ သောက်တော်ရေကပ်တယ်၊ သစ်သီးဝလံ လှူတယ်ဆိုတာ မိမိက သက်တော်ထင်ရှားဘုရားရှင်ကို တကယ်ကြည်ညိုတဲ့ စိတ်နဲ့ သက်တော်ထင်ရှားဘုရားရှင် ကိုယ်စား ရုပ်ပွားတော်ကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူပြီဆိုကတည်းက သက်တော်ထင်ရှားဘုရားကို အာရုံပြုပြီး လှူထားသည့်ဖြစ်ခြင်းကြောင့် မိမိပြန်ယူဖို့ရန် မဖြစ်နိုင်တော့ပါပေ။

မြတ်ဗုဒ္ဓကလည်း အလှူဒါနကို ပြုတဲ့အခါမှာ တွယ်တာမှုတွေ၊ နှမြှောမှုတွေ၊ နောင်တတစ်ဖန် ပူပန်မှုတွေမရှိဘဲ လှူဒါန်းရမယ်လို့ မိန့်ခဲ့ပါတယ်။ ဒါမှလည်း မိမိသန္တာန်မှာရှိတဲ့ မိမိပစ္စည်းဝတ္ထုကို တွယ်တာနှစ်သက်တတ်တဲ့ လောဘကိလေသာ ပယ်သတ်နိုင်ပြီး ကောင်းကျိုးတွေ ရရှိမှာပါ။

ဒါနအမှုပြုတယ်ဆိုတာ ကိလေသာခေါင်းပါးအောင်ကျင့်တဲ့ ကျင့်စဉ်တစ်ခုပါ။ ဒါနအမှုလုပ်ခြင်းဟာ ပါရမီမပြည့်စုံသေးလို့ တစ်ဘဝတည်းနဲ့ သံသရာမှလွတ်အောင် မလုပ်နိုင်သေးတဲ့ သတ္တဝါတွေအတွက် နောင်ဖြစ်လေရာမှာ ချမ်းသာသုခပြည့်စုံအောင်၊ လောဘစတဲ့ ကိလေသာများကို နည်းနည်းခြင်း ပယ်သတ်နိုင်အောင် ဒါနပြုလုပ်ရန်အတွက် ဟောကြားခဲ့ခြင်း ဖြစ်ပါတယ်။

တွယ်တာခြင်းမရှိဘဲ လှုထားပြီးသားဖြစ်တဲ့ ပန်းတို့သစ်သီးတို့ကို မိမိက ပြန်ယူရင် အလှူဒါန အကျိုးလျှော့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိလှူဒါန်းပြီးသားကို မစွန့်နိုင်သေးဘဲ နှမြှောတမ်းတမှု လောဘဖြစ်နေခြင်းကြောင့် မိမိအလှူဒါနဟာ ရာနှုန်းပြည့် အောင်မြင်ခြင်း မရှိလို့ပါ။

တခြားလူက ဘုရားလှူပြီးသား သစ်သီးပန်းတို့ကို ဘုရားရှင်ထံမှ စွန့်ယူချင်ရင် သေချာခွင့်ပန်းပြီးယူရင်တော့ ရပါတယ်။ သို့သော် ဘုရားရှင် ခွင့်ပြုမပြုကို မိမိက သေချာမသိနိုင်သောကြောင့် ကျောင်းကန်ဘုရားများမှာဆိုရင် ထိုကျောင်းဝင်းမှာရှိတဲ့ သံဃာများထံ ခွင့်တောင်းပြီး စွန့်ယူတာက ပိုကောင်းပါတယ်။

မိမိအိမ်မှာ တင်ထားတဲ့သစ်သီး ပန်းတို့ဆိုရင်တော့ စွန့်ပစ်လိုက်ပါ။ စားစရာဖြစ်နေပါရင် တခြားတိရစ္ဆာန်တွေကို ကျွေးတာက ပိုမိုကောင်းပါတယ်။ တချို့က ဆွမ်းတော်တင်ခြင်းဟာ ဗုဒ္ဓဘာသာအစဉ်အလာမို့ မိမိအိမ်ဘုရားစင် ရှေ့၌ ၀တ်ကျေးတန်ကျေး ဖြစ်ကလပ်ဆန်း တင်ကြပါတယ်။ တချို့ကျတော့ တကယ်ကို မိမိအိမ်မှာ ဆွမ်းတော်တင်တာ အကျင့်တစ်ခုလိုသဘောထားပြီး မိမိမစားခင် စေတနာပါစွာနဲ့ ကပ်ကြပါတယ်။

တကယ့်တော့ ဆွမ်းတော်တင်ခြင်းဟာ မိမိတို့ သံသရာအဆက်ဆက်အတွက် ဒုက္ခမရောက်အောင် လမ်းညွှန်ပေးတဲ့အတုမရှိဂုဏ်တော်တို့နဲ့ ပြည့်စုံတော်မူသောမြတ်ဗုဒ္ဓကို အစားအသောက် ကပ်လှူခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓသက်တော်ထင်ရှားမရှိသော်လည်း သက်တော်ထင်ရှားရှိသကဲ့သို့ အာရုံပြုပြီး လှူဒါန်းပေးရမှာပါ။

သို့သော် စာရေးသူတို့ ဗုဒ္ဓဘာသာများဟာ ဆွမ်းတော်တင်ရင် ဖြစ်ကလပ်ဆန်း လုပ်ကြတာက များနေပါတယ်။ ဆွမ်းတော်တင်ရင် ဆွမ်းကလည်း နည်းနည်းလေး မဖြစ်စလောက်၊ ဟင်းဆိုလည်း မဖြစ်စလောက် တင်ကြတယ်။ တကယ်တော့ မိမိတို့ သာမန်လူသားတစ်ယောက် စားသောက်သလို ဘုရားရှင်ကိုလည်း အဲဒီလောက်တော့ တင်သင့်ပါတယ်။

မိမိတို့ကျတော့ တစ်ပုဂံနှစ်ပုဂံစားပြီး ဘုရားကျတော့ တစ်ဇွန်စာလောက်တင်ရင် သဒ္ဓါတရားနည်းရာကျသကဲ့သို့ အလေးမထားရာလည်း ရောက်နေပါတယ်။

ဒါကြောင့် ရှေးခေတ်က လူကြီးများ ဆွမ်းတော်တင်ရင် သပိတ်ထဲမှာ ဆွမ်းရောဟင်းပါထည့်ပြီး တစ်ယောက်စာ တင်ကြပါတယ်။ ယခုခေတ်ကျမှ တစ်ဇွန်စာလောက် တင်ကြတာပါ။

သစ်သီးဝလံများကို ဆွမ်းတော်တင်ရာ၌လည်း သစ်သီးများကို မိမိတို့စားသကဲ့သို့ ခွဲခြမ်းစိတ်ဖြာသင့်တာ ခွဲခြမ်းစိတ်ဖြာပြီး အခွံသင်ရမည့်ဟာ အခွံသင်လို့ ကပ်လှူတာက ပိုမိုသင့်တော်မယ်ထင်ပါတယ်။ မိမိတို့ကျတော့ သစ်သီးကို အခွံသင် ခွဲခြမ်းစိတ်ဖြာစားပြီး ဘုရားကျတော့ အလုံးလိုက်တင်မယ်ဆို သဘာဝမကျပေ။

တချို့သောသူများက ဆွမ်းတော်တင်တာဟာ သူများမစားအောင် သိမ်းထားသည့် သဘောမျိုးနဲ့ တင်ထားကြသူများလည်း ရှိတတ်ကြတယ်။ သစ်သီးဝလံ အစားသောက်ကောင်းများ မုန့်များကို သူများမြင်လို့တောင်းရင် မပေးချင်တာကြောင့် ဘုရားစင်ရှေ့တင်ထားကာ အကယ်၍များ တစ်ယောက်ယောက်က တောင်းလာတဲ့အခါ အဲဒါက ဆွမ်းတော်တင်ထားတာ စားလို့မရဘူးဟု ဘုရားကို အစောင့်ခိုင်းခြင်းမျိုး တင်သူများလည်း ရှိကြပေတယ်။ အဲဒီလို အစောင့်ခိုင်ခြင်းမျိုးတော့ မတင်သင့်ပါပေ။

မိမိတို့ တင်လှူထားသော ဆွမ်းတော်များကို နေ့(၁၂)နာရီ ကျော်လွန်သွားပါက တစ်နေ့လှူဒါန်းသမျှဆွမ်းတော်များကို စွန့်ပစ်ကာ သူများကိုပေးရင်ပေး၊ တိရစ္ဆာန်များကို ကျွေးချင်ရင် ကျွေးလိုက်ပါ။ တစ်ရက်တင်ပြီးသား ဆွမ်းတော်များကို နောက်ရက်အထိ မထားသင့်ပါပေ။ တချို့က သစ်သီးဝလံများကို တစ်ပတ်လောက် အထားခံတာကြောင့် နေ့စဉ်ဆက်ရက် လှူဒါန်းထားကြပါတယ်။

ထိုကဲ့သို့ နေ့စဉ်ဆက်ရက် လှူဒါန်းထားခြင်းများဟာ ဘုရားရှင်၏ သြဝါဒနဲ့မကိုက်ညီတာကြောင့် မထားသင့်ပါ။ တစ်ရက်လှူပြီးသားကို တစ်ရက်စွန့်ပစ်ရပါမယ်။ ဘုရားရှင်က ရဟန်းများကို နောက်တစ်ရက်အတွက် အစားအစာများကို သိုးမှီသိမ်းဆည်း မထားဖို့ရန် မိန့်တော်မူခဲ့ပါတယ်။ ဘုရားရှင်ကိုယ်တိုင် မိန့်တော်မူခဲ့တဲ့စကားဖြစ်လို့ နောက်ရက်အတွက် လှူဒါန်းမှုများကို လက်ခံထားလိမ့်မည်မဟုတ်ပေ။ ဒါကြောင့် မိမိတို့ အလှူရှင်များဟာ တစ်ရက်ဆွမ်းတော်တင်ထားသမျှကို တစ်ရက်တင်ပြီး နောက်ရက် ဆက်မထားဘဲ စွန့်ပစ်ပေးရပါမယ်။

ဒီလောက် ရေးသားတင်ပြရင် ဆွမ်းတော်တင်ခြင်းနဲ့ပတ်သတ်လို့ ပြည့်စုံလောက်ပြီ ထင်ပါတယ်။

တစ်ခါ ငရဲကြီးတယ်ဆိုတဲ့ စကားနဲ့ပတ်သတ်ပြီး ရှင်းပြရမယ်ဆိုရင် ငရဲကြီးမယ်ဆိုတာ လူကြီးတွေက ငရဲရောက်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်ကို မှတ်ရလွယ်ကူ နားလည်အောင် အလွယ်ပြောတဲ့ စကားပါ။ ငရဲရောက်နိုင်မယ့်အရာမဟုတ်တဲ့ တချို့သော မကောင်းမှုအသေးစားများကိုလည်း အလွယ်သဘောမျိုးဖြင့် ငရဲကြီးလိမ့်မယ်၊ ငရဲကြီးတတ်တယ်ဟု လူကြီးများက ကလေးများကို သတိပေးတားမြစ်တဲ့ စကားလုံး ဖြစ်ပါတယ်။

ရှေ့သူတော်ကောင်း လူကြီးများဟာ သူတို့ကိုယ်တိုင် မကောင်းမှုများမှ ရှောင်ကြဉ်ပြီး ကလေးလူငယ်များကိုလည်း အသေးစားမကောင်းမှုများကိုပင် မပြုလုပ်စေချင်တာကြောင့် တစ်ခုခုသော မကောင်းမှုများ ပြုလုပ်တော့မည်ကိုမြင်ရင် ငရဲကြီးလိမ့်မယ် မလုပ်နဲ့ဟု တားမြစ်လေ့ရှိကြပါတယ်။ ယခုခေတ်မှာတော့ မိမိတို့ကိုယ်တိုင်က မကောင်းမှုများလုပ်နေလို့ ကလေးများ မကောင်းမှုပြုလုပ်တော့မည် ကိုမြင်ရင် တားမြစ်ဖို့ရန် ခက်ခဲနေသလို တားမြစ်ခြင်းလည်း မရှိကြတော့ပါ။

ဒါကြောင့် မိမိတို့ခေတ်ကာလ ကလေးလူငယ်များကို မကောင်းမှုများ ပြုလုပ်တော့မည်ကိုမြင်ရင်ဖြစ်စေ၊ ပြုလုပ်ပြီးရင်လည်း နောင်မလုပ်အောင် တားမြစ်ကြရန် လိုအပ်သကဲ့သို့ မိမိတို့လူကြီးများကိုယ်တိုင်လည်း မကောင်းမှုများမှ ရှောင်ကြဉ်ကာ ကောင်းမှုများဖြင့် မွေ့လျော်ကြဖို့ လိုပါတယ်။ သို့မှသာလျှင် နောင်အနာဂတ်လူငယ်လေးများရဲ့ဘဝဟာ သာယာလှပ ချမ်းမြေ့ပျော်ရွှင်ဖွယ် ဖြစ်နေပါမယ်။

ထိုကဲ့သို့ ပြုလုပ်ပေးမည်ဆိုရင် မြတ်ဗုဒ္ဓ ဆင်းရဲပင်ပန်းခံကာ မဟာကရုဏာကြီးစွာနဲ့ တည်ထောင်ခဲ့တဲ့ သာသနာကြီးလည်း အဓွန့်တည်တံ့မှာ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကိုလည်း ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်တာကြောင့် လူသားအားလုံး မိမိကိုယ်တိုင်လည်း မကောင်းမှုများ ရှောင်ကြဉ်ကာ သူတစ်ပါးတို့ကိုလည်း မကောင်းမှုမှ ရှောင်ကြဉ်နိုင်အောင် တားမြစ်ပြုပြင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါတော့တယ်။

Buddhism Teams (Myanmar)

No comments