New Artical

မဟာသမယသုတ်ကို ပူဇော်ခွင့်ရတယ်ဆိုတာ

 

ကိုယ်နေ့စဉ်ပူဇော်ခွင့်ရနေတဲ့ မဟာသမယသုတ်အကြောင်း နည်းနည်းလေး စဉ်းစားစေချင်ပါတယ်။ ကိုယ့်ပတ်ဝန်း ကျင်မှာလိုက် လေ့လာကြည့်ရင် မဟာသမယသုတ်ပူဇော်တဲ့သူတွေကို သိပ်မတွေ့ရဘူး။ လူနည်းစုပဲပူဇော်ကြတာ။

ဒါ့တောင်တချို့ကမဟာသမယသုတ်ကိုမသိကြသေးဘူးနော်။

ဒီမှာသာ မဟာသမယသုတ် ပူဇော်တဲ့သူတွေစုနေကြလို့ ပူဇော်တဲ့သူများတယ်လို့ ထင်နေရတာ။ ကိုယ့်ပတ်ဝန်းကျင်မှာ မဟာသမယသုတ်ပူဇော်တဲ့သူ အတော်ကိုနည်းတယ်။

ဦးဇင်းလည်းစဉ်းစားမိပါတယ်။ငါဘာလို့အရင်တုန်းက မဟာသမယသုတ်ကို မပူဇော်ဖြစ်တာပါလိမ့်ပေါ့။ သူများကလည်းတိုက်တွန်းဖူးတာပဲ။ ပူဇော်ဖြစ်ဖို့အချိန်အခါ မရောက်သေးတော့လည်း ဘယ်သူပဲ တိုက်တွန်းတိုက်တွန်း မလုပ်ဖြစ်လိုက်ဘူး။ ကိုယ့်ရင်ထဲကစေတနာနဲ့ ပူဇော်ချင်စိတ်ဖြစ်ပြီဆိုရင် အရင်တုန်းက ခက်ပါတယ်ဆိုတဲ့မဟာသမယသုတ်ဟာခုကျတော့ ပူဇော်ရတာ ပျော်စရာတောင် ကောင်းသေးတယ်။ နတ်တွေနာမည်တွေလည်း အများကြီးပါတာဆိုတော့ပိုတောင် သဘောကျသေးတယ်။ ဒါ့ကြောင့် နတ်ချစ်ဆေး သုတ္တန် လို့ပြောကြတာနေမှာ။

မဟာသမယသုတ်ကို ဘာ့ကြောင့်နတ်ချစ်ဆေးသုတ္တန် လို့ခေါ်ရတာလဲဆိုရင် ဒီသုတ္တန်ထဲမှာနတ်တွေက သူတို့ရဲ့နာမည်တွေလည်း ပါတော့ မဟာသမယသုတ် ပူဇော်တဲ့သူတွေကို ကူညီစောင့်ရှောက် ပေးတယ်လို့ ဆရာတော်ဘုရားကြီးများကလည်း သြဝါဒပေးသလို ကိုယ်တွေ့ကြုံဖူးတဲ့သူတွေကလည်းပြောကြပါတယ်။

မှတ်ချက်နတ်တို့ စောင့်ရှောက်ပုံအ ကြောင်းအရာအကျယ်ကို နယုန်လပြည့်နေ့ မှာလှူပေးမယ့် မဟာသမယသုတ်နှင့် ကိုယ်တွေ့ထူးခြားမှု့များ စာအုပ်ထွက်လာရင် ဖတ်ရအုံးမှာပါ။ မဟာသမယသုတ်ကို ပူဇော်ပြီဆိုရင် ပထမ ခန္ဓာကိုယ်သန့်ရှင်းအောင်ခြေဆေး၊လက်ဆေး၊မျက်နှာသစ်ပါ။

ပြီးတာနဲ့ ငါးပါးသီလယူ နတ်တွေပင့်၊ မေတ္တသုတ်ပူဇော်ပြီးတာနဲ့ မဟာသမယသုတ်ကိုပူဇော်ပါ။ ပူဇော်ပြီးတာနဲ့ မေတ္တာ ပို့ မိမိတို့ရတဲ့ကုသိုလ်အဖို့ဘာဂကိုအမျှပေးဝေပြီး သစ္စာဆိုတိုင်တည်ကာ ကျွန်ုပ်သည် ယခုကြုံတွေ့နေရသော (…..)အခက်အဲတစ်ခု အမြန်ဆုံးအဆင်ပြေအောင် ကူညီစောင့်ရှောက် ပေးကြပါလို့ အကူအညီတောင်းလိုက်ပါ။

(အဓိဋ္ဌာန်ဝင်ချင်သူများအတွက် နည်းလမ်းပေးခြင်းဖြစ်ပါသည်။ အကူအညီတောင်းတာ ၊မတောင်းတာ မိမိတို့အပိုင်း ဖြစ်ပါသည်)  နေ့စဉ်မဟာသမယသုတ်ကိုပူဇော်တဲ့အကြိမ်ရေများလာတာနဲ့အမျှ မိမိတို့ရဲ့ အကြံအစည်တွေ၊ စိတ်ကူးတွေကိုမြန်မြန်အကောင် အထည်ဖော်နိုင်အောင် ကူညီစောင့်ရှောက်ပေးမယ့် သူတွေပေါ်လာပါလိမ့်မယ်။

ဆုတောင်းတယ်ဆိုတာက ကိုယ့်ရင်ထဲကဆန္ဒကို ဖော်ထုတ်ပြလိုက်ပါ။ ဥပမာ ကိုယ့်ရဲ့အိမ်သူ/သားကို စိတ်ထဲက နေကားစီးချင်ပါတယ်လို့ ပြောရင်ဘယ်လိုလုပ်သိပါ့မလဲ။ ဝယ်ပေးပါ့မလား။ ကားဝယ်ပေးချင် လာအောင်ဘာညာကွိကွနဲ့ပူဆာရမှာပဲ။အဲလိုပြောမှ ဝယ်ပေးမှာပေါ့။

ဆုတောင်းတယ်ဆိုတာ အဲ့ဒါကိုပြောချင်တာပါ။ မျက်စိထဲမြင်လာအောင် ဥပမာပေးလိုက်တာ။ မဟာသမယသုတ်ကို ယုံယုံကြည်ကြည်နဲ့ ပူဇော်သွားရင် အကျိုးထူးတွေကလည်း အချိန်တန်ရင် ခံစားရလာပါလိမ့်မယ်။ နေ့စဉ်ပူဇော်ဖြစ်ဖို့တော့ လိုတာပေါ့။ တကယ်ယုံကြည်ရင် အကျိုးပေးပါတယ်။ အော်နေဦး. အရေးကြီးတာတစ်ခုပြောချင်သေးတယ်။

ဟိုလူက ဟိုဟာကောင်းတယ်ဆို လုပ်လိုက်၊ ဒီဟာကောင်းတယ်ဆိုလုပ်လိုက်။ အဲ့ဒါမျိုးဆိုရင်လည်း အကျိုးပေးထက်သန်မှု့မရှိဘူး။ တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်သွားကြည့်ပါ။ ပိုင်းလော့ဆရာတော်ဘုရားကြီး ကတော့ တကယ်အခက်အခဲတွေနဲ့ ကြုံတွေ့ရလို့ လွတ်မြောက်ချင်သူတွေဟာ ရက် (၁၀၀)အဓိဋ္ဌာန် တစ်ရက်မှ မပျက်ဘဲလုပ်ကြည့်ပါတဲ့။

ဆရာတော်ကြီး၏သြဝါဒကို ကြည့်လိုက်ရင် တစ်ခုခုကို စွဲစွဲမြဲမြဲလုပ်ပါလို့ ပြောလိုက်တာပါ။ မဟာသမယသုတ်ကို မိမိတို့အဆင်ပြေတဲ့ အချိန်မှာလည်းပူဇော်လို့ ရသလို့ တစ်နေ့လျှင် အကြိမ်ရေ များများလည်း ပူဇော်လို့ရပါတယ်။

ဘယ်အချိန်တွေဟာ အကောင်းဆုံးလဲလို့ မေးရင် လူခြေတိတ်ဆိတ်တဲ့ အချိန်တွေပါပဲ ။ဥပမာ မနက် အစောဆိုရင်  ၅.နာရီ၊၆.နာရီပေါ့။ နေ့လည်ဆိုရင် ၁၂ နာရီကျော်လောက်ပေါ့။ ညဆိုရင် ၉ နာရီနောက်ပိုင်းပေါ့။ မိမိတို့အဆင်ပြေမယ့်အချိန်ကြည့်ပြီး ပူဇော်သွားကြပါ။ ဟာသမယသုတ် ပူဇော်တဲ့အချိန်တိုင်းလည်း ကိုယ့်ကိုသတိပေးပါ။

ငါ..လူသိနည်းသေးတဲ့ မဟာသမယသုတ်ကို ကိုယ်တိုင်ပူဇော်ခွင့် ရနေတယ်ဆိုတာ တော်ရုံတန်ရုံ ကံတရား မဟုတ်ဘူးလို့ ဆင်ခြင်ကြည့်လိုက်ပါ။ တကယ်လည်းမဟာသမယသုတ်ကို ပူဇော်တဲ့သူတွေ နည်းပါသေးတယ်။ မဟာသမယသုတ်ကို ပူဇော်တဲ့သူ များလာအောင်လည်း ဦးဇင်းကြိုးစားသွားအုံးမှာပါ။ မဟာသမယ သုတ်ကိုနေ့စဉ်ပူဇော်နိုင်ကြပြီး စိတ်အေးချမ်းမှု့များရကြပါစေ.... ။

Ashin Sŭcatta

No comments