New Artical

ငွေရဲ့သဘော


 မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ငွေရဲ့ အတွင်းသဘောဆိုတဲ့ ခေါင်းစဉ်နဲ့ သူဌေးကြီး ကင်စွန်းအို ပြောထားတဲ့ အချက် ၃ ချက် အကြောင်းကိုကျွန်တော် ပြောပြချင်ပါတယ်။ သူဌေးကြီး ကင်စွန်းအိုဟာ ကမ္ဘာအနှံ့ ထမင်းလိပ် ဆိုင်ခွဲပေါင်း ၄ ထောင်ကျော် ဖွင့်ထားတဲ့ သန်းကြွယ်သူဌေးကြီးတစ်ယောက်ပါ။ သူဟာ လက်ရှိမှာတော့ ကိုရီးယားက သူဌေးတွေကို ပြန်ပြီးတော့ စီးပွားရေး လုပ်နည်း သင်တန်းပေးနေတဲ့ သင်တန်းဆရာ တစ်ဦလည်းဖြစ်ပါတယ်။

စီးပွားရေး လုပ်နေတဲ့ သူဌေးတွေအတွက် ဖွင့်တဲ့ အထူးသင်တန်းဖြစ်တဲ့အတွက် သင်တန်းကြေးက အနည်းဆုံး တစ်ယောက်ကို သိန်း ၁၀၀ အထက်မှာ ရှိပါတယ်။ သူ့ရဲ့ ဝင်ငွေဟာလဲ တစ်နာရီ သိန်း ၁၀၀ အထက်မှာ ရှိတဲ့အတွက် သူ့အနေနဲ့ ဒီလို သင်တန်းပေးရတာ တန်တယ်လို့ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူ့ရဲ့ တပည့် သူဌေးတွေဟာ တစ်လ သိန်း ၂ ထောင်လောက်ရရာကနေ သိန်း ၁ သောင်းရသွားတာ၊ ဝင်ငွေအချိုးအစားတွေ ပြောင်းလဲသွားအောင် သူလုပ်ဆောင်ပေးနိုင်လို့ပါပဲ။

ဒီနေ့ကျွန်တော် ဘာသာပြန်ဖော်ပြပေးတဲ့ အကြောင်းအရာကတော့ သူ့အနေနဲ့ အခမဲ့ ဟောပြောပွဲလုပ်တဲ့နေ့က ပြောပြတဲ့ အချက် ၃ ချက်ကို အကျဉ်းချုပ် မြန်မာဘာသာပြန်ဆိုပြီးတော့ ထပ်ဆင့်မျှဝေခြင်းဖြစ်ပါတယ်။ မိတ်ဆွေတို့တစ်တွေလဲ သူဌေးကြီး ကင်စွန်းအိုပြောသလို အနည်းဆုံး သိန်း ၁ သောင်း ချမ်းသာတဲ့ မီလျှံနာသူဌေးကြီးတွေဖြစ်နိုင်ကြပါစေခင်ဗျာ။ သူဌေးဖြစ်ပြီးရင်လဲ သူဌေးကြီး ကင်စွန်းအိုကို ထမင်းဝယ်ကျွေးဖို့ မမေ့ကြပါနဲ့။ကျွန်တော်လဲ အပါအဝင်ပေါ့ခင်ဗျာ

လူတွေက ချမ်းသာတယ်ဆိုတာကို ငွေရှိရုံနဲ့ ချမ်းသာတယ်လို့ထင်တတ်ကြပါတယ်။ ငွေရှိပြီး ဆင်းရဲနေကြတဲ့ သူဌေးတွေ အများကြီး ကျွန်တော်တွေ့ဖူးပါတယ်။ အလုပ်ထဲမှာပဲ အချိန်တွေ ပေးနေရလို့ မအားတဲ့ သူဌေးတွေ၊ မိသားစုနဲ့ အဆင်မပြေတဲ့ သူဌေးတွေ စတဲ့ ငွေရှိပေမယ့်လည်း စိတ်ချမ်းသာပျော်ရွှင်မှုနဲ့ လွတ်လပ်မှု မရကြတဲ့ သူတွေပါ။ ပြောချင်တာက စိတ်ချမ်းသာပျော်ရွှင်မှုဆိုတဲ့ happiness ရှိမှ တကယ် စစ်မှန်တဲ့ ချမ်းသာတဲ့ သူဖြစ်မှာပါ။

ဒါပေမယ့်လဲ လောကမှာ ရှိတဲ့ အရာတော်တော်များများကို ငွေနဲ့ လဲလှယ်လို့ရတဲ့အတွက် ငွေရှိနေဖို့လဲလိုပါသေးတယ်။ အဲ့ဒီလို ငွေရှိဖို့ဆိုရင်တော့ ဒီနေ့ ကျွန်တော် ပြောပြတဲ့ အချက်တွေကို သေချာ လိုက်နာပြီး မိမိတို့ရဲ့ ခံယူချက်ကို ပြောင်းပြစ်မယ်ဆိုရင်မကြာခင်မှာပဲ ငွေချမ်းသာ၊ စိတ်ချမ်းသာတဲ့ သူတွေဖြစ်လာမှာပါ။ ကျွန်တော်ပြောတဲ့ နည်းတွေအတိုင်း လိုက်လုပ်ပြီးတော့ သိန်း ၁ သောင်း(အမေရကန်ဒေါ်လာ ၁ သန်း)ချမ်းသာတဲ့ သန်းကြွယ်သူဌေးဖြစ်ပြီဆိုရင်တော့ ကျွန်တော့ကို ရှာပြီးတော့ ထမင်းဝယ်ကျွေးပါ။

၁။ ငွေမှာ ဆွဲအားရှိပါတယ်။


ကမ္ဘာမြေကြီးမှာ ဆွဲအားရှိသလို ငွေမှာလဲဆွဲအားရှိပါတယ်။ ပြီးတော့ သူတို့တွေဟာ စုရုံးနေတတ်တာ သဘောကျတဲ့ အတွက် များရင်များသလောက် အပြင်က ငွေတွေကို ဆွဲခေါ်လာတတ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် သိန်း ၁၀၀၀ ရဖို့အတွက် သိန်း ၁၀၀ ကို ၁၀ ခါ ခွဲ စုတယ် ဆိုပါစို့။ ပထမ သိန်း ၁၀၀ အတွက်ကြိုးစားအာထုတ်မှု ၁၀၀% အသုံးပြုရတယ်ဆိုရင် ဒုတိယ သိန်း ၁၀၀ အတွက် ကြိုးစားအားထုတ်မှုက ၉၀% ပဲ ကုန်ပါလိမ့်မယ်။

အဲ့လိုပဲ နောက်က အကြိမ်အရေအတွက် များလေလေ ကိုယ့်ရဲ့ အားအင် ထုတ်သုံးမှုက ပိုပိုပြီး မလိုလေဖြစ်လာတာဟာ သူတို့ အချင်းချင်း ဆွဲတဲ့ သဘောကြောင့်ပါ။ ဒါကို မသိတဲ့ သာမန်သူတွေကတော့ ပထမ သိန်း ၁၀၀ မပြည့်ခင်မှာပဲ အလွန် ခက်တယ်ဆိုပြီးတော့ လက်လျှော့ပြီး အရှုံးပေးတတ်ကြပါတယ်။ ဒီသဘောတရားကို သိရင် သိန်း ၁ သောင်း စုဖို့ဆိုတာ သိပ်ပြီးတော့ များတဲ့ အရေအတွက် မဟုတ်ဘူးဆိုတာ နားလည်လာပါလိမ့်မယ်။

၂။ ပုံမှန်ဝင်တဲ့ ဝင်ငွေမှာ စွမ်းအားတွေရှိတယ်။


လိုတိုထီ ပေါက်လို့ရတဲ့ ပိုက်ဆံ သိန်း ၁၀၀နဲ့ လစဉ် ကိုယ်ရှာပြီး စုထားတဲ့ သိန်းတစ်ရာဟာ အရေအတွက်ချင်းတူပေမယ့် တန်ဖိုးချင်းမတူပါဘူး။ ဒီလိုပါပဲ အမွေပဲရရ၊ တစ်ယောက်ယောက်က ပေးလို့ရတဲ့ ပိုက်ဆံတွေဟာ လေးနက်မှု မရှိတဲ့ အတွက် သုံးတဲ့ အခါမှာလဲ ပေ့ါပေ့ါပါးပါးပဲ ထွက်သွားတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လစဉ် မှန်မှန် ရှာထားတဲ့ ပိုက်ဆံကတော့ စွမ်းအားတွေရှိပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ စီးပွားရေးလုပ်တဲ့သူတွေအနေနဲ့ နေ့စဉ် ပုံမှန် ဝင်တဲ့ငွေရှိအောင် လုပ်ဖို့လိုပါတယ်။

ပုံမှန်ဝင်တဲ့ငွေဟာ အဖွဲအစည်းဆိုတဲ့ အင်အားရှိတဲ့အတွက်တော်ရုံတန်ရုံ မပျက်စီးတတ်ပါဘူး။ တစ်နှစ်မှာ ၁ လ ၂ လ အလုပ်လုပ်ပြီး သိန်း ၃၀၀ ရတဲ့သူထက် ၁ လ သိန်း ၂၀ ရပြီး ဖြစ်လာတဲ့ သိန်း ၂၄၀က ပိုပြီး တန်ဖိုးရှိပါတယ်။ မိုးအနေနဲ့ ပြောရရင် တစ်နှစ်လုံး မရွာတဲ့ မိုးဟာ ၁ ပတ်လုံးလုံးရွာပြီး တစ်နှစ်စာ မိုးရေချိန် ပြည့်အောင်ရွာပေမယ့်လည်း ရလာတဲ့ အဖြေကတော့ ရေကြီးခြင်းဆိုတဲ့ ဆိုးကြိုးပဲ ရမှာပါ။ ငွေလဲ တစ်ကြိမ်တည်း အလုံးလိုက် ဝင်လာရင် ထိန်းသိမ်းရ ခက်ခဲတတ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်၊လစဉ် ပုံမှန် ဝင်တဲ့ ငွေရှိအောင် လုပ်ပါ။

၃။ ငွေကို လူသားတစ်ယောက်လို သဘောထား ဆက်ဆံပါ။


ငွေကို လူသားတစ်ယောက်လို ဆက်ဆံတတ်ရင် ကိုယ်လိုချင်တာ အားလုံး သူက ရှာပေးပါလိမ့်မယ်။ နည်းတဲ့ငွေကို ကလေးလို၊များတဲ့ငွေကို လူကြီးလိုဆက်ဆံရပါမယ်။ ငွေစ၊ငွေနလေးတွေကို ထိန်းသိမ်းတတ်တဲ့အကျင့်ဟာ ကြီးပွာခြင်းရဲ့အစပါ။ ဒီနေရာမှာ လူတွေမှားတဲ့ အယူအဆ တစ်ခုက ကိုယ့်ငွေကိုပဲ သားသမီးလို သဘောထားပြီးတော့ နှမျောကြပေမဲ့ သူများပိုက်ဆံကျတော့ အလွန်သုံးချင်တဲ့သူတွေရှိပါတယ်။

ကိုယ်ကျွေးတဲ့ အလှည့်တုန်းကျတော့ ကိုလာ တစ်ပုလင်း မှာတာကိုပဲ တွက်ချက်နေတတ်ကြပြီး သူများကျွေးတဲ့ အလှည့်ကျတော့ အသားတွေ၊ အရက်တွေ အချိုရည်တွေ အများကြီးမှာစားတတ်တဲ့သူတွေပါ။ အဲ့ဒီလို စိတ်ထားတတ်တဲ့ သူတွေဟာ ဘယ်လောက်ပဲ ငွေကို ချစ်တယ်ပြောပြော၊ သူတို့ရဲ့ ငွေကိုလဲ အဲ့လို သုံးဖြုန်းနိုင်ချေများတဲ့ သူတွေပါ။ အများပြည်သူသုံး ပစ္စည်တွေကို ကိုယ့်ပစ္စည်းလို သဘောမထားပဲ အလွန်အကျွံသုံးစွဲသူတွေလဲ အတူတူပါပဲ။ ဒါ့ကြောင့် ငွေကို ချစ်ခင်ပြီး ချွေတာ သုံးစွဲရပါမယ်။ ဒီလို သေးငယ်တဲ့ ငွေတွေကို ချွေတာရပေယ့် များပြားတဲ့ ငွေတွေကိုတော့ ကောင်းတဲ့နေရာကို ပို့ပေးရပါတယ်။ ဝမ်းသာပိတိနဲ့ ကောင်းတဲ့နေရာကို အပို့ခံရတဲ့ ငွေတွေဟာ ကိုယ့်ဆီကို မကြာခင် ပြန်လာပါလိမ့်မယ်။ သူတို့အပြင် ပိုပြီးများတဲ့ အပေါင်းအပါတွေ ဖြစ်တဲ့ အောင်မြင်မှု၊ ချစ်ခြင်းမေတ္တာ၊ ငွေကြေးဥစ္စာတွေပါ ခေါ်လာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ချမ်းသာတဲ့ သူတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် ငွေကို ရှာနိုင်တဲ့ အရည်အချင်း၊ ထိန်းသိမ်းနိုင်တဲ့ အရည်အချင်း၊ တိုးပွားအောင်လုပ်နိုင်တဲ့ အရည်အချင်းဆိုပြီးတော့ လိုအပ်တဲ့ အရည်အချင်းအတွေ ရှိရပါမယ်။ တစ်ခုတည်းမဟုတ် အားလုံးရှိမှ အမြဲ ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်မှာပါ။ ငွေရှာတတ်ပြီး မထိန်းသိမ်းတတ်ရင်၊ ထိန်းသိမ်းတတ်ပေမယ့် တိုးပွားအောင် မလုပ်တတ်ရင် မချမ်းသာနိုင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော် ဒီနေ့ပြောပြတဲ့ အကြောင်းအရာလေးတွေကို သေချာစဉ်းစားပြီးတော့ ဘဝမှာ အသုံးချမယ်ဆိုရင် ငွေကြေးချမ်းသာတဲ့သူ၊ စိတ်ချမ်းသာတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 

လှမင်းထွန်း

No comments