New Artical

နို့စိမ်းခေါက်ဆွဲလုပ်စားမယ်

နို့စိမ်းခေါက်ဆွဲလုပ်မယ်ဆိုရင် ပါဝင်ပစ္စည်းကလည်း အရေးကြီးပြီး ပါဝင်တဲ့အစာကလည်းစနစ်တကျ ထည့်နိုင်လေ ပိုကောင်းလေပါပဲ။ လူများများအတွက် ချက်ရလေလေ လက်ဝင်လေလေမို့ စနစ်တကျလေး ပြောပြပေးမယ်နော်။ ပါရမယ့်ဟာတွေကတော့
၁။ ခေါက်ဆွဲဖတ် (ဂျုံခေါက်ဆွဲဖြစ်ဖို့ လိုပါတယ်)
၂။ ကြက်တစ်ကောင် (ဗမာကြက်ဖြစ်ဖို့ လိုပါတယ်)
၃။ ကြက်သားအသားမွှာ (အသားချည်း သပ်သပ် မချက်ရင် ထည့်စရာမလိုပါဘူး။)
၄။ နို့စိမ်းဘူး (လိုသလောက်)
၅။ ပဲမှုန့် – ၂
၆။ ဆား
၇။ ဟင်းခတ်မှုန့်
၈။ ယိုးဒယား ငံပြာရည်
၉။ သကြား
၁၀။ အရောင်တင်မှုန့်
၁၁။ ဆနွင်းမှုန့်
၁၂။ ကြက်သွန်ဖြူဥ
၁၃။ ချင်း/ဂျင်း – အနည်းငယ်
၁၄။ ဆီ
၁၅။ ကြက်သွန်ဖြူ (ဆီချက်)
၁၆။ ကြက်သွန်နီ (ဆီချက်)

တွဲဖက်စားဖို့အတွက်

၁၇။ ပဲကြော်
၁၈။ ဘဲဥပြုတ် / ကြက်ဥပြုတ်
၁၉။ အကြွပ်ကြော် (ခေါက်ဆွဲဖတ်ကို အကြွပ်ပြန်ကြော်ပါ)
၂၀။ နံနံပင်
၂၁။ သံပုရာသီး
၂၂။ ငရုတ်သီးအကျက်မှုန့်
၂၃။ ငါးဖယ်ကြော်
၂၄။ ပါးပါးလှီးထားသော ကြက်သွန်နီတို့ လိုအပ်ပါတယ်။

ပြုလုပ်နည်း

၁။ ကြက်သားအကောင်လိုက်ကို သန့်စင်ပြီး ခပ်သေးသေး တုံးထားပါ။ အသားချည်းပဲ ကြက်သားများကိုလည်း အတုံးအသေးလေးတွေ တုံးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပြီး တစ်ဝက်စီ ခွဲထားပါ။ ဂျင်းကိုလည်း သတ်သတ်ထောင်းထားပါ။

၂။ ဇလုံတစ်ခုထဲကို ရေနွေးသုံးဆ အချိုးချထည့်ပြီး ပဲမှုန့်ထည့်၍ ပဲမှုန့်ပျော်သွားအောင် ဖျော်ပါ။ ပဲမှုန့်အလုံးလေးများဖြစ်နေလျှင် လက်ဖြင့်ချေပေးပါ။

၃။ ရေနွေးပွက်လာအောင် တည်ပါ။ ပွက်လာလျှင် ဆနွင်း၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပါ။ ထို့နောက် ဖျော်ထားသော ပဲမှုန့်များကိုဇကာခံ၍ ထည့်ပါ။

၄။ ဒယ်အိုးတစ်ခုထဲမှာ ဆီလိုသလောက်ကိုထည့်၍ အပူပေးပါ။ ပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ တစ်ဝက်၊ ထောင်းထားသောဂျင်းတို့ကိုဆီသတ်ပါ။ မွှေးလာလျှင် ဆနွင်းထည့်ဆီသတ်ပြီးမှ အရောင်တင်မှုန့်ထည့် ဆီသတ်ပါ။ အရောင်တင်မှုန့်ထည့်ပြီးပြီးချင်း ကြက်အကောင်လိုက်မှတုံးထားသော ကြက်သားများကိုထည့်၊ ယိုးဒယား ငံပြာရည်ကို ချိန်ထည့်၊ သကြား(သို့)အချိုမှုန့်တို့ကိုထည့်၍လုံးပါ။ (အရောင်တင်မှုန့်ထည့်ပြီး နည်းနည်းမွှေပြီး ကြက်သားများ ချက်ချင်းထည့်ပါ။ နောက်မို့အရောင်တင်မှုန့်များ တူးသွားတတ်ပါတယ်။)

၅။ ထို့နောက်လုံးထားသော ကြက်သားများကို ပဲရည်အိုးထဲ ထည့်ပါ။ ပဲရည်အိုးကို ခဏခဏမွှေ ပေးရပါတယ်။ ကြက်သားထည့်ပြီး နောက်တစ်ခါထပ်ပွက်လာလျှင် ကြက်သွန်ဖြူဆီချက်နှင့် ကြက်သွန်နီဆီချက်ကို ထည့်ပါ။ (ကြက်သွန်ဖြူ၊ နီဆီချက်ကိုထည့်လျှင် ပိုမွှေးပါတယ်။ အလွယ်တကူမရှိလျှင် မထည့်လဲရပါတယ်။) ပြီးလျှင် နို့စိမ်းကိုထည့်ပါ။ ထို့နောက် မီးအေးအေးဖြင့် တည်ထားပါ။ တည်ထားတုံးမှာ ရေကို ထပ်ထပ်ဖြည့်ပေးပါ။ (မီးအေးအေးနဲ့ ၃ နာရီလောက် ထားပါတယ်။) ဟင်းရည်ထဲကို ကြက်သွန်နီဥများ ကြိုက်နှစ်သက်ပါက ထည့်ပါ။

၆။ နောက်ထပ် ဒယ်အိုးတစ်ခုထဲမှာ ဆီထည့်၍အပူပေးပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူထည့်၍ ဆီသတ်ပါ။ မွှေးလာလျှင် ဆနွင်း၊ အရောင်တင်မှုန့်တို့ကိုထည့် ဆီသတ်ပါ။ တုံးထားသော အသားချည်းကြက်သားများကို ထည့်ပါ။ ရေအနည်းငယ်ထည့်တည်ပါ။ ရေခြောက်သွားလျှင် မီးဖိုပေါ်မှချပါ။

၇။ နို့စိမ်းဟင်းရည်ထဲမှကြက်သားများ နူးလာလျှင် မီးဖိုပေါ်မှချပါ။

၈။ နို့စိမ်းခေါက်ဆွဲပြင်ဖို့အတွက် ခေါက်ဆွဲကိုပန်းကန်ထဲအရင်ထည့်၊ ဟင်းရည်ကိုအပေါ်ကလောင်း၊ အပေါ်ကနေ ချက်ထားသော ကြက်သား ထည့်၊ ပဲကြော်၊ ကြက်ဥပြုတ်၊ အကြွပ်ကြော်၊ ပါးပါးလှီးထားသောကြက်သွန်နီတို့ကိုထည့်ပြီး စိတ်ကြိုက်ပြင်ဆင် သုံးဆောင်နိုင်ပါပြီ။

Credit

No comments