New Artical

နှောင်းချစ်ဝဲလည်

 

နှောင်းချစ်ဝဲလည်

ဒီတစ်ပတ်မှာတော့ သက်လတ်ပိုင်းကျော်မြောက်၊ သက်ကြီးပိုင်းရောက်လေ ဘဝရဲ့ ပျော်ရွှင်နှစ်သက်ခံစားမှုတွေဟာ ပွင့်ပွင့်လင်းလင်း ကိစ္စတွေနဲ့ ပိုပြီးနှီးနွှယ်လေလေဆိုတဲ့အကြောင်း လက်တွေ့သိရှိ လေ့လာထားရတဲ့ အကြောင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

ကဲ-မယုံချင်နေလို့ပဲဆိုရမလား မသိ။ တွေ့ရှိထားပုံကတော့ ဒီလိုပါခင်ဗျ။ အမျိုးသားကြီးတွေရဲ့ ဘဝပျော်ရွှင်နှစ်သက်မှုတွေဟာ အင်တာ ကို့စ် (Intercourse) လို့ ခေါ်တဲ့ လိင်ထိုးသွင်းဆက်ဆံမှုတွေနဲ့ နှီးနွှယ်နေလေ့ ရှိပြီး အမျိုးသမီးကြီးတွေကတော့ နမ်းရှုတ်ပွေ့ဖက်ခြင်းနှင့် သူတို့အား ဆက်သွယ်မှုရှိပေးနေခြင်းအပေါ်မှာ ဘဝရဲ့ ပျော်ရွှင်နှစ်သက်မှု ပိုပြီးရရှိကြတယ်ဆိုတဲ့ အကြောင်းပါပဲခင်ဗျ။
ဖိုနဲ့မ ရင်းရင်းနှီးနှီး ထိထိကပ်ကပ် ဆက်သွယ်မှုရှိခြင်းဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အလွန်ကိုပဲ အရေးကြီးပါ သတဲ့။ တကယ်တော့ ဒီရလဒ်တွေဟာ အံ့ဩစရာတော့ မဟုတ်ပါဘူးတဲ့။ ဘဝတစ်ခုရဲ့ အားလုံးသော အဆင့်တိုင်းမှာ ပေါင်းဖက်ခဲ့ကြတဲ့ အကြင်လင်မယားကြားမှာ နီးနီးကပ်ကပ် ထိထိတွေ့တွေ့ ဆက်သွယ်မှုရှိနေခြင်းဟာ အရေးကြီးတယ်ဆိုတာ အထူးပြောစရာ မလိုပါဘူးတဲ့။
ဒါ့အပြင် ပိုပြီးကျန်းမာတဲ့ ဖိုနဲ့ မတို့ဟာ လိင်မှုကိစ္စလှုပ်ရှားမှုတွေ ပိုပြီးဆောင်ရွက်နိုင်ကြတယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ ဘဝကို ကျေနပ်နှစ်သိမ့်မှု ပိုပြီးရစေနိုင်တဲ့ အခြေအနေကတော့ လိင်မှုကိစ္စလှုပ်ရှားမှုတွေ ရှိနေခြင်းလို့ပဲ ဆိုနိုင်ကြပါတယ်။

(၁) နေကောင်းခြင်း (Well-being) နှင့် လိင်ဒုက္ခ (Sexual Trouble) ဆက်သွယ်မှု
သုတေသီများက လိင်မှုကိစ္စလှုပ်ရှားမှု၊ ပြဿနာအထွေထွေနှင့် သက်ဆိုင်နိုင်သည့် အကြောင်းအချက်များကြား ဖြစ်နိုင်ဖွယ်ရှိသော ဆက် သွယ်မှုတွေကို ရှာဖွေခဲ့ကြပါတယ်။ သက်ကြီးရွယ်အိုတွေရဲ့ နေကောင်း ခြင်းအပေါ်မှာ အဲဒီအချက်က ဘယ်လိုလွှမ်းမိုးနေသလဲဆိုတာ လေ့လာခဲ့ ကြခြင်းဖြစ်တယ်။ အင်္ဂလန်နိုင်ငံမှာ အသက် ၅၀ မှ ၈၉ နှစ်ကြား အမျိုး သားကြီးများနဲ့ အမျိုးသမီးကြီးများ စုစုပေါင်း ၃၀ဝ၀ ကျော်အပေါ်မှာ လေ့လာခဲ့ ကြခြင်းဖြစ်ပါတယ်။ လက်ထပ်ပြီးသား စုံတွဲတွေလည်း ပါတယ်။ သူတို့ နိုင်ငံမှာ မဆန်းတဲ့ လက်မထပ်သော်လည်း အတူနေ (Living together) တွေလည်း ပါတယ်။


(၂) အမျိုးသမီးကြီးများ၏ နေကောင်းခြင်း (Well-Being) အတွက် မကြာခဏ နမ်းရှုတ်ပွေ့ဖက်ခြင်း၊ အသားချင်း ထိတွေ့ခြင်းတို့ သည် သော့ချက်ကျသော အချက်
လူမှုရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များနှင့် ကျန်းမာရေးနှင့် နှီးနွှယ်နေသော ပြဿနာများကိုမူတည်ပြီး သုတေသီများက လိင်ကိစ္စတွင် တက်ြွကရှင်သန်နေသော အမျိုးသားကြီးများကိုလေ့လာခဲ့ကြ တယ်။ ၎င်း အမျိုးသားကြီးများဟာ မကြာခဏ လိင်ဆက်ဆံလေ့ရှိသူများ ဖြစ်တဲ့အပြင် နမ်းရှုတ်ခြင်း၊ ပွတ်သပ်ပေးခြင်း၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ယုယုယယ လုပ်ပေးခြင်းစတဲ့ အပြုအမူများလည်း ရှိသူများဖြစ်ကြတယ်။ အဲဒီ အမျိုးသားကြီးများဟာ ဘဝကို နှစ်သက်ခံစားမှု ပို၍ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်နေကြတာကို ဆန်းစစ်တွေ့ရှိခဲ့ကြပါတယ်။

အမျိုးသမီးကြီးတွေအတွက်ကျတော့ အဲဒီလောက်ကြီးမဟုတ်ဘူးဗျ။ မကြာခဏ ပွေ့ဖက်နမ်းရှုတ်ခြင်း၊ ပွတ်သပ်ပေးခြင်း၊ ကြင်ကြင်နာနာ ယုယုယယရှိခြင်းတို့ကတော့ရှိပေမဲ့ အမျိုးသားကြီးတွေလို မကြာခဏ လိင် ဆက်ဆံမှု ပြုလုပ်ကြသူတွေတော့ မဟုတ်ဘူးတဲ့ဗျ။ သူတို့လည်း ဘဝကို ကျေနပ်နှစ်သိမ့် ခံစားမှု ပိုပြီးရရှိကြတယ်တဲ့။

မကြာခဏ မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်း (Frequent Masturbation) ကတော့ အမျိုး သားကြီးများမှာရော၊ အမျိုးသမီးကြီးများ မှာပါ ဘဝနှစ်သစ်ပျော်ရွှင် ခံစားမှုနဲ့ ဆက်စပ်နေခြင်းမရှိဘူးလို့ တွေ့ထားရ တယ်။ ဒီနေရာမှာ မကြာခဏ (Frequent) ရဲ့ အဓိပ္ပာယ်က တစ်လလျှင် နှစ်ကြိမ်နှင့်အထက် လိင်ဆက်ဆံခြင်းကို ဆိုလိုပါတယ်။

 (၃) ဘဝကို ကျေနပ်နှစ်သက် ခံစားခြင်းဆိုတာ ဘာလဲ
တကယ်တော့ Enjoyment ကျေနပ်နှစ်သက်ခံစားမှု သို့မဟုတ် Pleasure ဆိုတာ ဘာနဲ့တိုင်းတာသလဲ သိဖို့လိုပါတယ်။ ပျော်ရွှင်ခြင်း၊ ကျေနပ်နှစ်သိမ့်ခြင်း ရှိ/မရှိ မေးမြန်းခြင်းဖြစ်တယ်။ လေ့လာမှုမှာ ဖြေကြားသုံးစွဲခဲ့တဲ့ စကားလုံးတွေကတော့ “ကျွန်တော်လုပ်သမျှ အရာ ရာကို နှစ်သက်ခံစားမှုရှိတယ်” “အခြားသူများနဲ့ ပေါင်းဖက်နေထိုင်ရ တာကို နှစ်သက်ပျော်ရွှင်တယ်” “ဒီရက်ပိုင်းတွေမှာ ကျွန်တော် စွမ်းအား တွေ ပြည့်လာသလို ခံစားရတယ်” စတဲ့ အဖြေများဖြစ်ပါတယ်။


 (၄) ထိုးသွင်းဆက်ဆံမှု ပါဝင်သော လိင်ဆက်ဆံခြင်း
လိင်မှုကိစ္စ တက်ြွကလှုပ်ရှားမှုရှိသော အမျိုးသားကြီးတွေများထဲမှာ မကြာခဏ ထိုးသွင်းဆက်ဆံခြင်းတည်းဟူသော အပြုအမူက သိသာ ထင်ရှားနေပါတယ်။ အမျိုးသမီးကြီးတွေမှာတော့ ထိုးသွင်း ဆက်ဆံမှု မရှိပေမဲ့လည်း နှစ်သက်ခံစားနိုင်ကြတယ်။ ဒီအချက်နှစ်ခု မတူတာကို သိထားပြီးရင် အမျိုးသားကြီးများ၏ Well-Being နေကောင်းခြင်းကို မြှင့်တင်ပေးချင်တယ်ဆိုရင် အဲဒီကိစ္စမပါမဖြစ် မရှိမဖြစ် အရေးကြီး တယ်ဆိုတာ ကိုယ့်လူတို့ သဘောပေါက်ကြမယ်ထင်ပါတယ်နော်။ အိမ်သူ သက်ထား ဇနီးမယားလုပ်သူများအနေနဲ့လည်း မိမိရဲ့ ခင်ပွန်းယောကျာ်း ဘဝနှစ်သက်ခံစားမှုရစေချင်ရင် နေကောင်းခြင်း (Well-Being) နဲ့ ပြည့်စုံစေချင်တယ်ဆိုရင် ဘယ်လိုလုပ်ပေးရမယ်ဆိုတာ၊ ဘယ်လို နားလည် ပေးရမယ်ဆိုတာ သဘောပေါက်ကောင်းပါရဲ့နော်။

 (၅) အသက်အရွယ်နှင့် နှီးနွှယ်နေသော လိင်ဆက်ဆံရေး ပြဿနာများ
အမျိုးသမီးတွေမှာ အသက်အရွယ်နှင့် နှီးနွှယ်ပြီး ဖြစ်တတ်တဲ့ လိင် ဆက်ဆံမှုပြဿနာတွေ ဖြေရှင်းပေးမှသာလျှင် ခင်ပွန်းဖြစ်သူအတွက် အဆင်ပြေမှာဖြစ်တယ်။ ဒါ့ကြောင့်လည်း လိင်ကျန်းမာရေးနှင့် ပတ်သက် သော အမျိုးသမီးသုံး ဆေးဝါးတွေဆိုတာ ပေါ်ပေါက်လာရခြင်းဖြစ်ပါ တယ်။ ယခင်တုန်းကတော့ ဒီဆေးဝါးတွေကို သုံးစွဲခြင်းအားဖြင့် လိင်မှု ကိစ္စလှုပ်ရှားမှုတွေ ဘယ်လောက်များလာနိုင်သလဲဆိုတဲ့ အချက်ပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ခဲ့ကြတယ်။ တစ်လတာကာလအတွင်း လိင်ဆက်ဆံမှု တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ပိုပြီးစွမ်းဆောင်နိုင်တယ်ဆိုရင် အဲဒီဆေးကို ကောင်းတယ်လို့ မထင်ခဲ့ကြဘူး။ အခုတော့ လုံးဝမရှိတာနဲ့စာရင် တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ရှိတာပဲဖြစ်ဖြစ် သုံးစွဲဖို့လိုအပ်ပါတယ်။


 

(၆) အမျိုးသားကြီးများအတွက် ပန်းသေပန်းညှိုးပြဿနာ
ယခုဖော်ပြပြီးခဲ့တဲ့အတိုင်း အမျိုးသားကြီးများရဲ့ ဘဝနှစ်သက် ခံစားမှုကောင်းဖို့အတွက်၊ နေကောင်းခြင်းဖြစ်ဖို့အတွက် မကြာခဏ လိင်ဆက်ဆံခြင်းပြုနိုင်သော အခြေအနေရှိဖို့လိုတယ် (ဒီနေရာမှာ ကြုံလို့ပြောရရင် ကိုယ့်လူတို့ ယောကျာ်းတွေချည်း အချင်းချင်း မတွေ့ တာကြာလို့ ပြန်တွေ့တဲ့အခါ နှုတ်ဆက်ကြရာမှာ “နေကောင်းရဲ့လား” လို့ အမေးခံရတဲ့အခါ ကိုယ့်လူက “နေကောင်းပါတယ်” လို့ ပြန်ဖြေ လိုက်တယ်ဆိုရင် နောက်ကွယ်အဓိပ္ပာယ်မှာ ကိုယ့်လူသည် မကြာခဏ လိင်ဆက်ဆံမှု ပြုနေသေးသည်” လို့ဆိုလိုကြောင်း ကိုယ့်လူ သိပါ တယ်နော်)။ နေတော့ကောင်းပြီး ကိုယ့်လူရဲ့ ဖွားဘက်တော်က မမာ မတောင့်နိုင်တော့ရင် စွမ်းဆောင်နိုင်မှာမဟုတ်တော့ဘူး။ လွယ်လွယ် ပြောရရင် ပန်းသေပန်းညှိုးဖြစ်နေတာလို့ ဆိုလိုတာ။ ဒါ့ကြောင့် “နေ ကောင်းပါသည်” ဟု ဖြေကြားခြင်း၏ အဓိပ္ပာယ်ပြည့်စုံဖို့အတွက် လိင်စွမ်းဆောင်ရည်လည်း ရှိနေဖို့ လိုပါတယ်။ Erectile Dysfunction လို့ခေါ်တဲ့ လိင်တံမမာ မတောင့်နိုင်တော့ခြင်းကို ကုသဖို့အတွက် အမျိုးသားသုံး ဆေးဝါးတွေဖော်ထုတ်ထားကြပါတယ်။ အဲဒီ ဆေးဝါး တွေဟာ လိင်ဆန္ဒ (Sex Desire) ကျေနပ်နှစ်သိမ့်ခြင်းစတဲ့ အာနိသင် တွေ ရှိရပါမယ်။ အမျိုးသမီးကြီးများအတွက်လည်း လိင်မှုကိစ္စလှုပ်ရှား မှုတွေ စွမ်းဆောင်နိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ အခြားသော လိင် ပြဿနာလေးတွေလည်းရှိသေးတယ်။ ကာမရာဂစိတ်ကို နှိုးကြွလာ စေရန် ခဲယဉ်းခြင်း၊ စတင်ရန် ခက်ခဲခြင်း၊ စာမလိတ် စိတ်မလာခြင်း၊ မာတောင့်မှုကို ထိန်းမထား နိုင်ခြင်း၊ သုက်ရည်ထွက်သည် အထိ Orgasm မစွမ်းဆောင် နိုင်ခြင်း စသည်တို့ဖြစ်တယ်။ ဒီ့အတွက်လည်း ဆေးဝါးတွေ သုံးစွဲဖို့လိုကောင်းလိုနိုင်ပါတယ်။ ဆေးဝါးမပါသော အခြား နည်းလမ်းကောင်းတွေလည်း သုံးစွဲကြတာတွေ ရှိပါတယ်။

လောကကြီးကို တရားရသွားတဲ့ ၊ လောကကြီးကို ငြီးငွေ့သွားတဲ့ သူတွေမှအပ သက်ကြီးပိုင်း အမျိုးသားကြီး၊ အမျိုးသမီးကြီးတွေဟာ လိင်ကိစ္စမရှိတော့ဘူး (Asexual) လို့ မှတ်မထားပါနဲ့။ ဒါ့အပြင် လိင် ဆက်ဆံမှုပြဿနာ ကင်းရှင်းသော သူများလို့လည်း မှတ်ယူမထားပါနဲ့။ ပို၍ကောင်းသော နေကောင်းခြင်းရှိတယ်ဆိုရင် အဲဒါတွေနဲ့ လုံးဝ မကင်းသေးပါဘူး။ လိင်ဆက်ဆံမှု အနေအထား ပုံစံအသစ်တွေ၊ ကွဲပြား ခြားနားသော ဆက်ဆံမှုပုံစံတွေစသည်တို့ကို သုံးစွဲနိုင်ဖို့၊ အားပေး မြှင့်တင်ဖို့လည်း လိုပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးကတော့ အတိအကျ မတူနိုင်ပါဘူး။ သူတို့မှာ ကိုယ်ပိုင်ဘဝပြဿနာလေးတွေလည်း ရှိနေ နိုင်ပါတယ်။ ဘယ်လို ပြဿနာတွေ ရှိပါစေ၊ သင့်တော်မှန်ကန်သော နည်းလမ်းများနဲ့ ဖြေရှင်းကြရမှာဖြစ်ပါတယ်။ ဘဝ နှစ်သက်ခံစား ပျော်ရွှင်မှု ရရှိနိုင်ရေးကို ဖြေရှင်းတဲ့အခါမှာ လိင်ဆက်ဆံမှု ပြဿနာ အကြောင်းကိုလည်း ထည့်သွင်းစဉ်းစားဖို့၊ မမေ့ဖို့လိုကြောင်း ဖော်ပြ လိုက်ရပါတယ်။

 

ဒေါက်တာဇီဝတင်

No comments