New Artical

လက်ပံခါး ၊ တောင်မရိုး ဆေးဘက်ဝင်ပုံများ

 





လ က် ပံ (ခါး) လား?
လ က် ပံ ခါး လား?
တောင်မရိုးလား ?
Covid ကာလ အတွင်း အိမ်မှာနေရင်း ဗဟုသုတဖြစ်ဖွယ် ဆေးပင်တွေအကြောင်း ရှာပြီးဖတ်ဖြစ်သည်။ ယခုအချိန်အထိ အမည်နာမ ကွဲပြားနေသော အပင်တပင်ကို သတိပြုမိလာသည် ယင်းကား လက်ပံခါးပင် ပင်ဖြစ်သည်။ ကျနော်တို့ အများသိကြတာက "တောင်မရိုး" ပင်သည် လက်ပံခါး သာဖြစ်သည်ပေါ့၊ သို့ပေမည့် အရှင်နာဂသိမ် ပုံပြဆေးအဘိဓာန်တွင် ဆရာတော်ကြီးက "လက်ပံခါး" လို့ အပင်အမည်ကို မရေးဘဲ "လက်ပံ(ခါး)" လို့ရေးတာကို ထူးထူးခြာခြားသတိထားမိပါသည်။ ဆရာတော်ကြီးရေးသားလိုသည်မှာ လက်ပံ(ခါး) သည် အများသူငါသိကြသော လက်ပံပင် နှင့် အရွက်အသီးအပွင့် အကုန်တူပါသည်၊ သို့သော် ပန်းအရောင်က အနီရောင်မဟုတ် အဖြူရောင်သန်းနေသည်ဟု ရေးသားထားပါသည်။ လက်ပံမျိုးက ထွန်းလာသည့် Mutation သဘောလို့ ဆိုလိုသည်။ ဒီအချက်ကြောင် လက်ပံပင်ကနေ ခါးသော သတ္တိရတာမို့ လက်ပံ အထူးပြုသော အမည် လက်ပံ(ခါး) လို့ ရေး မှန်း သတိထားမိလာသည်။ ဒီနေရာမှာ ဧရာဝတီ တိုင်းမှာပေါက်သော ဒီဒူးပင်နှင့် မရောထွေးစေခြင်ပါ။ ဆရာတော်ကြီး ရေးသားထားသော အပင်ကို ကျနော် ခန့်မှန်းကြည့်လျှင် မျိုးရင်း Bombacaceae ( Malvaceae) ထဲက လက်ပံပင်တမျိုးမျိုးသာ ဖြစ်ပေလိမ့်မည်။ အပင်မမြင်ဘူးပါ။
TV ကနေလာလာနေသော တိုင်းရင်းဆေး အကြောင်း သိကောင်းစရာ အစီအစဉ်တခုမှာလည်း တိုင်းရင်းဆေးသမားတော်ကြီး က လက်ပံ(ခါး) အကြောင်းဆွေးနွေးတင်ပြသွားပုံကလည်း စိတ်ဝင်စားစရာကောင်းလှပါသည်၊ လက်ပံ(ခါး) သည် အလွန်ရှားပါးသော အပင်ဖြစ်ကြောင်း အခါးတကာ အခါးထဲမှာ အချိုအစိမ့် ဖြစ်သည့် ပထဝီဓာတ်ကို နိုင်တဲ့နေရာ နံပါတ် ၂ နေရာတွင်ရှိသော အပင်ဖြစ်သည်လို့ သူက ဆိုသည်။ လက်ပံခါး အခေါက်ထဲကို တွယ်အပ်စိုက်လိုက်ရာ ၅ မိနစ် နှင့် ၁၀ မိနစ်အတွင်း အခေါက်ထဲနစ်နေသော သံဟာ အရည်ပျော်သွားသည်ကို မျက်မြင်မြင် ခဲ့ရကြောင်း ရှင်းပြသည်၊ လက်ပံခါး အစစ်ဟာ သံကို တကယ်နိုင်ကြောင်း ရှေးက သံရည်ကြို လုပ်ငန်းတွေမှာ လက်ပံခါးအခေါက်ကို ထည့်သွင်း အသုံးပြု ခဲ့ကြတယ်လို့ ရှင်းပြသည်။ ။ ဂျပန်က စျေးကြီးပေး၍ ဝယ်ခဲ့ သည် အပင်ဖြစ်သည်။ စျေးကွက်မှာရောင်းနေတာတွေက လက်ပံ(ခါး) မဟုတ် တောင်မရိုး တွေသာဖြစ်ကြောင်း ကွဲကွဲပြားပြား ရှင်းပြသွားသည်၊
တောင်မရိုးပင်က ထိခိုက်မိရင် အဖြူအစေးတွေထွက်သည် ပင်စည်က လုံးချောထောင်မတ်သည် ၊ ထိုအစေးတွေက လူကိုဒုက္ခပေးသည် ၊ လက်ပံ(ခါး) ကမူ အစေးမထွက် ၊ ပင်စည်ပေါ်မှာ ဆူးများရှိသည်လို့ဆိုပါသည်။ အချိုဓာတ်ကို နိုင်နင်းတာမို့ လက်ပံခါး အစစ်ကို သုံးရင် ဆီးချိုကို လျှင်မြန်စွာ ကျစေကြောင်း တင်ပြသွားပုံက ဗဟုသုတ တိုးစေပါသည်။ ဆေးချိုသမားများအတွက် လက်ပံ (ခါး) အစစ်ဟာ နတ်ဆေးတပါးပမာ ရှင်းပြသွားသည်။ ယခု အချိန်မှာ အလွန်ရှားပါးသော အပင်ဖြစ်ကြောင်း ကိုလည်း ထပ်လောင်း ပြောပြသည်၊ ထို့ အပြင် ကုသရန် ခက်ခဲလှသော ဆီးချို ၏ ဆိုးကျိုးများကိုလည်း တိုင်းရင်းဆေး ရှု့ထောင့်ကနေ ဆွေးနွေးတင်ပြ သွားပါသည်။
ဆရာတော်ကြီး (အရှင်နာဂသိမ်) ရေးသားထားသော ဆေးကျမ်းထဲမှာလည်း တောင်မရိုးဟာ လက်ပံ(ခါး) မဟုတ်ကြောင်း ရေးသားထားပါသည်။ လက်ပံပင်က အပွင့်နီသည်ဖြစ်စေ ဖြူသည်ဖြစ်စေ အခေါက်အရသာက  ခါးနေမှ လက်ပံ(ခါး) စစ်စစ် ဖြစ်သည် ဟု ဆိုထားပါသည်၊ လက်ပံအမျိုးက ထွန်းပြီး ခါးလာသော အမျိုးဟု ဆိုထားပြန်ပါသည်။ ဆရာတော်ကြီး ရေးသားထားချက်က သိပ္ပံနည်းမကျသော်လည်း အကိုး အကား အထောက်အထားတခုပေမို့ စိတ်ထဲကနေ ကြည်ညို လေးစားမိပါသည်။ စာဖတ်ရင်း လက်ပံ(ခါး) အပင်ကို မြင်ခြင် လွန်းသော စိတ်က တားမရ ဖြစ်ရသည်။ ဆရာတော်ကြီး က လက်ပံ (ခါး) ၏ အမြစ်အခေါက်သည် ဆေးဖက်ဝင်သည်။ အရသာက ခါးသည်။ အမှုန့်ကိုထောင်းပြီး ပန်းနာ ရင်ကြပ် ရောဂါအတွက် ပျားရည်နှင့် စားရ၏။ လေဖြတ် လေငန်း ထုန်ကျဉ်သော ရောဂါ စမြင်းခံ ဓာတ်ချုပ်သော ရောဂါ ဆီးရှိလျက်မဆင်းသော မုတ္တလာတ်ရောဂါ လေပြင်လေမဲ့ လေထိုး လေအောင့် ရောဂါများကုသနိုင်သည်လို့ ဆိုထားပါသည်။
တောင်မရိုးပင် (လက်ပံခါး)
လက်ပံခါး (တောင်မဲအုပ် စရည်းပင် တောင်မရိုးပင် )


ရုက္ခအမည် Alstonia scholaris R. Br.
English names  blackboard tree or devil's tree
မျိုးရင်း : Apocynaceae
ဒီအပင်အမည်က များလှသည် ၊ သူ့ အမည်တွေက "တောင်မရိုး ၊တောင်မဲအုပ် ၊ သင်ပုန်းပင် ၊ ဆေးခါးပင် ၊ အပြင် လက်ပံခါး" လည်း ခေါ်သည်၊ အပေါ်က အပင်နဲ့ ကွဲပြားသွားအောင် "လက်ပံခါး" လို့ရေးတာ သတိထားမိမှာပါ။ ပထမ သင်္ဂါယနာတင်ရာ လှိုင်ဂူထိပ်တွင် ပေါက်နေသော "စရည်းပင်" ဆိုသည်မှာလည်း "တောင်မရိုးပင်" သာဖြစ်သည်။ အပင်အမည်က Alstonia scholaris  ဖြစ်သည်။ သူသည် မျိုးရင်း Apocynaceae ထဲတွင်ပါဝင်သည်၊ အေပိုဆိုင်နေဆီး မျိုးရင်းထဲမှာ ဆေးဝင်သောအပင်များစွာပါသည် ယင်းတို့မှာ လက်ထုတ်ကြီး ၊လက်ထုတ်သိမ် ၊ဘုမ္မရာဇာ ၊တရုတ်စကား ၊၁၂ ရာသီ နွယ်သာကီ ၊ သင်္ဘောမညှိုး ၊ မရိုးပင် တွေဖြစ်ကြသည်။ ဒီအပင်တွေကို တခုခုနဲ့ ထိလို့ဘဲဖြစ်ဖြစ် ဒါဏ်ရာရ လို့ ဘဲ ဖြစ်ဖြစ် ဒါဏ်ရာကနေ အဖြူရောင် အစေးတွေ ထွက်ကြတယ် ၊ ဒီအစေးကို အင်္ဂလိပ်လို Milky latex ( နို့ အဆင်းရှိသောအစေး နို့စေး) လို့ ခေါ်ပါတယ် ၊ သူ့အထဲမှာ ပြင်းထန်သော Alkaloid ပါသည်၊ ဒီ အယ်လ်ကာလွိုက် ဓာတ်ပေါင်းကြောင့် အရွက်စား သတ္တဝါ တွေဖြစ်တဲ့ ကျွဲနွား သိုးဆိတ်တွေက ဝေးဝေးက ရှောင်ကြသည် ၊ အပင်ထဲမှာ အဆိပ်ပါကြောင်း သူတို့ ကောင်းကောင်းသိကြသည်။  ဒီအချက်ကပင် ဒီအနွယ် အပင်တွေကို ဆေးဖက်ဝင်စေတာပါ။ တောင်မရိုးပင် (လက်ပံခါး) ပင်က ထွက်သော အစေးသည် ခါးသက်သော သဘော ရှိသည် ၊ ဒီအချက်က လက်ပံ(ခါး) နှင့် အရသာ သဘောတူစေသည်။
အပင်သရုပ်
အပင်က အမြဲစိမ်းသော အပင်ကြီးမျိုးဖြစ်သည်၊ ပေ ၁၀၀ နီးပါးအထိမြင့်နိုင်သည်။ လှပသော အရွက် မွှေးပျံသော ပန်းရနံကြောင့် အခု အခါမှာ မြို့ပြတွေမှာ landscape အပင်အဖြစ် ထည့်သွင်း စိုက်လာကြပြီဖြစ်သည်။ မန္တလေး မှာ ကုန်တိုက်ကြီးတွေ Super market ကြီးတွေ သွားရာ လမ်းဘေးဝဲယာမှာ တောင်မရိုးပင် လေးတွေကို အတန်းလိုက်စိုက်ထားတာကို မြင်ကြရမှာပါ။ အရိပ်ရပြီး အပင်ပုံစံက လည်း ပုံသွင်းရတာ လွယ်မည့်ပုံရှိပါသည်။ Apocynaceae မျိုးရင်းဝင် အပင်တွေကို လေ့လာကြည့်ရင် ပင်စည်ကနေ အရွက်ထွက်ရင် အဆစ်တဆစ်ကနေ တရွက်ထဲ ထွက်လေ့မရှိကြ ၊ ၂ ရွက် ဒါမှမဟုတ် ၂ ရွက်ထက်ပိုသော အရွက်များက အဆစ်နေရာက စုထွက်နေကြသည်၊ အဆစ်တခုကနေ အရွက်တွေ စက်ဝိုင်းပတ်လို စုထွက်နေရင် botanical term အရ ခေါ်ရင် Whorled ( စက်ဝိုင်းပတ် ထွက်ခြင်း) လို့ ခေါ်ရမှာဖြစ်သည်။ တောင်မရိုးပင် မှာ သေခြာကြည့်ပါ ၊ အဆစ်တခုကနေ အရွက် လေးတှေ ၅ ရွက်ကနေ ၇ ရွက် အထိ ထွက်လို့နေတာ မြင်ရမှာပါ။ အပေါ်က စက်ဝိုင်းပတ် အရွက်လေးတွေနဲ့ အောက်ဖက် စက်ဝိုင်းပတ် အရွက်လေးတွေ ထွက်နေပုံက ဘုံကျောင်းဆင့်ထားသလိုဖြစ်နေတာက ဒီအပ်ရဲ့ထူးခြားချက်ပါ ( လက်ပံတွေက တဆစ်ကို တရွက်သာထွက်သော လက်ဝါးရွက်ပေါင်းသာ ဖြစ်သည်) ၊
ပုံထဲကအတိုင်း စိမ်းဝါရောင် သန်းသော ပန်းလေးတွေ အဆုပ်လိုက် ပွင့်လေ့ ရှိကြတယ်။ ပန်းခိုင် Cymes ဟာ သိပ်သည်စွာ ပွင့်ပြီး အမွှေးများရှိသည်။ ပွင့်ကိုင်းတွေက ၃ လက်မ နီးပါးရှည်သည်။ ပွင့်ချပ်အုံ corolla အဖြူရောင် ဖြစ်ပြီး အဝိုက်တွေက ဘဲဥပုံစံ တခုအပေါ်တခုထပ်လျက် လိမ်နေကြသည် overlapping to the left. အစေ့အိမ်မှာ အမွှေးတွေရှိသည် ။ ပန်းတွေက ရနံသင်းလှသည် အောက်တိုဘာ လမှာ သူတို့ ပွင့်ကြသည်။ မိုးတွင်းရောက်ရင် ပဲသီးတောင့် ပုံစံ အသီးတောင့် ရှည်ရှည် တွေတွဲလောင်းကျကာ သီးလေ့ ရှိကြသည်၊ တောင်မရိုးပင် တွေကို ပင်လယ်နဲ့နီးသော အရပ်ဒေသတွေမှာလည်း သဘာဝအတိုင်းပေါက်လေ့ရှိကြတယ်။
အသုံးဝင်ပုံ
တောင်မရိုးပင် ရဲ့ အသားက အသားကောင်းမဟုတ် အသားပွ အဖြူရောင်ဖြစ်သည်၊ pencils ခဲတန် လုပ်ရာမှာ ဒီအသားကို သုံးကြသည်။   ကျောက်သင်ပုန်း ၏ ဘေးဖက်က ဘောင်လေးတွေကို ခတ်ရာမှာ တောင်မရိုးသားကို သုံးခဲ့ ကြတယ်၊ အသားပွပွ ဘောင်လေးတွေ အပေါ်မှာ ဆရာဆရာမများ မွေဖွူနဲ့ အမှတ် ခြစ်ပေးခဲ့တာကို သတိရမိသည်၊ အချို့ က ဒီ အချက်ကြောင့် တောင်မရိုးပင်ကို "သင်ပုန်း"ပင် လို့ ခေါ်ကြပြန်သေးသည်။ ပေါ့ပါးလှသော အသားပွမို့ ထုပ်ပိုးသေတ္တာများ ၊ ခုံဖိနပ်များ လုပ်ရာမှာ သူ့ကို သုံးခဲ့သည်။ အခေါင်း ပျဉ်ပြားအတွက်လည်း ဒီအသားကို သုံး ခဲ့ ကြသည်။
ဆေးဖက်ဝင် လက်ပံခါး
အခေါက်၏ ခါးသော အရသာ ကြောင့် အရှေ့တောင်အာရှနိုင်ငံများ၏ တိုင်းရင်းဆေး များမှာ ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။ ခါးသက်သော အရသာဖြင့် အားဆေး. အဖျားကျဆေး အဖြစ်သွံးသည် သံကျဆေး အဖြစ်လည်းသုံးသည် အသည်းကြောင့်ဖြစ်သော ရောဂါများ ပန်းနာ ရင်ကြပ် အရေပြားရောဂါများ အဖျားရောဂါ မီးယပ်သွေးများစေရန်သုံးသည် မြန်မာ့ဆေးကျမ်းများအလိုအရ တောင်မဲအုပ်သည် ပူသော ခါးသော အရသာ ရှိသည် အကြော လေသွားလေလာ ကောင်းစေသည် ဝဖြိုးစေ၏ ပန်းနာရင်ကြပ် ခရုသင်း အနာပေါက်အမျိုးမျိုးနိုင်၏ အခေါက်သည် ခွန်အားနည်းသောရောဂါ အဖျားရောဂါ နှင့် အစာအိမ်ရောဂါ ပျောက်စေ၏ အစေးသည် အနာ နှင့် အကိုက်အခဲ များပျောက်စေ၏။ အသုံးပြုပုံကို မြန်မာ့ ဆေးဖက်ဝင်အပင်များတွင်ကြည့်ပါ ။
ဒီ post လေးရေးပြီး ရလာသော အတွေးစ ကတော့
မတူညီသော "လက်ပံခါး" နဲ့ "လက်ပံ(ခါး)"
လက်ပံမျိုးရင်း Malvaceae နဲ့ တောင်မရိုးမျိုးရင်း Apocynaceae ကွဲပြားပုံ
ဆီးချိုသမားတွေ သိခြင်နေသော
နတ်ဆေးပင် လက်ပံ(ခါး) ဟာ ဘယ်လိုအပင်မျိုးလည်း? ၊
အပြင်လောကမှာ ရှိပါသေးရဲ့လား?
သိခြင်စိတ် ပြင်းပြ စွာနဲ့ ရေးမိပါတယ်။.
ဆရာကြီး ဦးဘသန်းကတော့ နံမည်တူမရှားအပင်တူမရှား ဆိုသော post ဖြင့်
လက်ပံခါးအကြောင်း ရေးသားခဲ့ပါသည်။
ဒဏ္ဍာရီ ဆန်သော လက်ပံ(ခါး) အပင် အကြောင်း ကိုဖြင့် ယနေ့တိုင်
လူတွေ ပြောဆိုနေကြမှာ အသေ အခြာပါ
Taxonomist တယောက် အနေနဲ့
မသေခင်တော့ တွေ့ ခြင်ပါသေးတယ်
လက်ပံ (ခါး) ရေ.......
ကိုးကား
အရှင်နာဂသိမ် ပုံပြဆေး အဘိဓာန်
Wikipedia
မြန်မာ့ဆေးဖက်ဝင်အပင်များ 

Credit_သက်နိုင်ဦး ဟုမ္မလင်းကောလိပ်

No comments