မြွေသူတော်မောင်ခြိမ့်နှင့်ပုံရိပ်ပြောင်းပြန်လူသတ်မှု(၂)
ဆရာ မင်းခိုက်စိုးစန် ၏ ကလောင်ခွဲဖြစ်သော “ဇော်နိုင်ငံစိုး”၏ အသစ်စက်စက် စုံထောက်အခန်းဆက်၀တ္ထုရှည် - အပိုင်း (၂)
အခန်း ( ၄ )
အပြင်တွင် နေအရှိန်က ကျောကွဲမတတ် ပူလောင်နေ၏။ ဆောင်းအကုန် နွေအကူး မတ်လဆန်း ဖြစ်သောကြောင့် လေရူးလေပွေများကလည်း တသုန်သုန် တိုက်ခတ်နေသည်။ လေထဲတွင်ပါသော ဖုံမှုန့်နှင့် အပူငွေများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပူလောင်ကြွပ်ဆတ်နေ၏။
ဘောင်ဒရီလမ်းတွင်ရှိသော Cozy Villa နှစ်ထပ် ကျွန်းအိမ်မည်းမည်းကြီး၏ အောက်ရှိ မြေအောက်ခန်းထဲတွင် ကိုတင်မောင်တစ်ယောက် အလုပ်ရှုပ်နေသည်။ ထိုမြေအောက်ခန်းက ဓာတ်ပုံကူးသည့် သီးသန့်နေရာဖြစ်သည်။ သို့သော် ဒီနေ့တော့ သူဓာတ်ပုံကူးနေခြင်း မဟုတ်ချေ။ သူ့ဘဝ၏ စိတ်ပျက်ဖွယ်ရာနေ့များအား အဆုံးသတ်ဖို့ အစီအစဉ်တစ်ခုကို ကိုတင်မောင်က ပိပိရိရိနှင့် စနစ်တကျ ရေးဆွဲနေခြင်းဖြစ်သည်။
ကိုတင်မောင်၏ ဘေးပတ်ပတ်လည်လည်တွင် သတင်းစာ ဖြတ်စများ ပွကြဲနေ၏။ သူက မြန်မာ့အလင်း၊ သူရိယ စသည့် သတင်းစာများထဲမှ သူလိုချင်သည့်စာလုံးများကို ကတ်ကြေးဖြင့် ဖြတ်ယူသည်။ ထို့နောက် စာရွက်ဖြူ တစ်ရွက်ပေါ်တွင် ထိုစာလုံးများကို ကော်ဖြင့်ကပ်သည်။ ထိုစာမှာ ဇနီးဖြစ်သူ မကျင်စွမ်ကို မသမာသူများက ပြန်ပေးဆွဲထားလေဟန် သူကိုယ်တိုင် အကွက်ကျကျ စီစဉ်ထားသည့် စာပင်။ သူ ဖန်တီးနေသည့် စာကား…
"ခင်ဗျားမိန်းမကို ကျုပ်တို့ ပြန်ပေးဆွဲထားတယ်။ ဟောဒီစာနဲ့အတူ ခင်ဗျားမိန်းမကို ချုပ်နှောင်ထားတဲ့ ဓာတ်ပုံကိုပါ တပါတည်း ထည့်ပေးလိုက်တယ်။ ပုလိပ်ကို အကြောင်းကြားလို့ကတော့ အလောင်းပဲ ပြန်ရမယ်မှတ်။ ပြန်ရွေးရမယ့်ပိုက်ဆံနဲ့ လာရမယ့်အချိန်၊ နေရာကို ဖုန်းဆက်ပြီးချိန်းမယ်။ ဒါပဲ"
ဟူ၍ဖြစ်သည်။ ကိုတင်မောင်က သူကိုယ်တိုင် လုပ်ကြံထားသောစာကို ကြည့်ပြီး ကျေနပ်အားရ ဖြစ်နေစဉ် မြေအောက်ခန်း အဝမှ-
"ကိုတင်မောင်ရေ... ကိုတင်မောင်"
ဟူသော ဇနီးဖြစ်သူ မကျင်စွမ်၏ အော်ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လန့်သွားပြီး-
"အေး... ငါ ဒီမှာဟေ့။ မီးမဖွင့်လိုက်နဲ့နော်။ ငါ ဓာတ်ပုံကူးနေလို့"
"ရှင် အဲဒီထဲဝင်သွားတာ တစ်နာရီကျော်လောက်ရှိနေပြီ။ ရှင့်ဟာက မပြီးသေးဘူးလား။ ကျွန်မ ကျောက်မီးသွေး တင်ဒါပွဲကို နေ့လည် ၂ နာရီ အမီသွားရမှာနော်။ မြန်မြန်လုပ်"
မကျင်စွမ်က စိတ်မရှည်သည့် အသံဖြင့် ပြောလိုက်သည်။
ကိုတင်မောင်က စောစောက သူ စာလုံးများ ကပ်ထားသည့် ပြန်ပေးဆွဲစာကို စာအိတ်ထဲ ထည့်လိုက်သည်။ ဘေးတွင် ချထားသည့် စားပွဲတင် နာရီလေးတစ်လုံးကို ယူကာ လက်တံကို ၂ နာရီတိတိနေရာသို့ ရွှေ့ထားလိုက်သည်။ ပြီးနောက် စာအိတ်နှင့် နာရီကို ကင်မရာအိတ်ထဲသို့ တပေါင်းတည်း ထည့်လိုက်၏။ ထို့နောက် သူက ဘိန်းကုန်သည်များထံမှ တိတ်တဆိတ် ဝယ်ယူထားသော ကို့လ်တ် အမျိုးအစား ခြောက်လုံးပြူးကို ဘလေဇာအင်္ကျီ အတွင်းအိတ်ထဲတွင် သေသပ်ပိရိစွာ ဝှက်ပြီး ယူဆောင်လိုက်သည်။
အားလုံးပြီးစီးသွားသည့်အခါ ကိုတင်မောင်က ကင်မရာအိတ်ကို ဆွဲကာ ဣန္ဒြေမပျက် မြေအောက်ခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ မြေအောက်ခန်းနှင့် ဆက်နေသော မီးဖိုခန်းအရောက်တွင် ကော်ဖီသောက်နေသော မကျင်စွမ်က မျက်နှာထား တင်းတင်းဖြင့်..
"ရှင်ဟာလေ.. သွားသူများ နောက်၊ လာသူများ နောက်နဲ့။ နေရာတကာ ထုံထိုင်းလေးကွေးလွန်းတယ်။ အခု ဘယ်အချိန် ရှိနေပြီလဲ ရှင်သိလား"
ကိုတင်မောင်က ဘာမှ မပြောဘဲ စားပွဲတွင် ဝင်ထိုင်လိုက်၏။ မကျင်စွမ်က
"ပြောလိုက်ရင် အဲဒီအတိုင်းပဲ တုံဏှိဘာဝေနဲ့။ ရှင့်ရဲ့ တစ်ပဲခြောက်ပြားရတဲ့ အလုပ်ကိုမက်နေလို့ မဖြစ်ဘူး။ ကျွန်မအလုပ်က သိန်းချီရမှာ။ တင်ဒါပွဲသာ မမီလို့ကတော့ ရှင် မလွယ်ဘူးမှတ်"
"အေးပါကွာ..ငါ မီအောင် လိုက်ပို့ပေးပါ့မယ်။ မင်းက ဘာတွေ စိတ်ပူနေတာလဲ"
"ပူရတာပေါ့ရှင့် ပူရတာပေါ့။ ရှင်ကတော့ အပူအပင် တစ်စက်မှ မရှိဘူး မဟုတ်လား။ အိမ်ကိစ္စဆိုလည်း ကျွန်မပဲ။ အိမ်ရဲ့ စီးပွားရေး၊ လူမှုရေး အို…အစစအရာရာ ဟောဒီ မိန်းမကြီးရဲ့ ခေါင်းပေါ်မှာပဲပုံပြီး ကျနေတယ်။ နောက်ဆုံး အတူနေခိုင်းတဲ့ အိမ်ဖော်ကိစ္စကိုတောင် ကျွန်မပဲ ဝင်ပြောရတယ်။ ကြည့်ဦး.. ဒီမှာ ဟိုအိမ်ဖော် မိသန်း လုပ်သွားပုံက အချိုးကို မပြေဘူး။ မနေ့က သူ့ကလေး နေမကောင်းလို့ ဆိုပြီး စောစော ပြန်သွားတာ လှဲဖို့ကျင်းဖို့ကိစ္စတွေ ဘာတစ်ခုမှ လုပ်မသွားဘူး။ ခွင့် (၁) ရက်ကလည်း ယူသွားသေးတယ်။ မီးဖိုချောင် တစ်ခုလုံးလည်း ညစ်ပတ် ရှုပ်ပွနေတာပဲ။ ဟင်း…"
မကျင်စွမ်က မီးဖိုခန်းထဲမှ ရှုပ်ပွနေသော ပစ္စည်းများကို ကြည့်ကာ မြည်တွန်တောက်တီးနေ၏။ မိသန်းက မကျင်စွမ်တို့ အိမ်တွင် မနက်လာ ညပြန် အခကြေးငွေဖြင့်လုပ်သော အိမ်အကူဖြစ်သည်။ အပေါက်အစများသူ မကျင်စွမ်ကတော့ ဘယ်သူ့ကိုမဆို နိုင့်ထက်စီးနင်း ပြောဆိုလိုက်ဖို့ ဝန်မလေးသူပင်။ ကိုတင်မောင်က..
"စိတ်လျှော့ပါ မကျင်စွမ်ရယ်။ မင့်မလည်း တစ်နေ့တစ်နေ့ ဒေါသထွက်နေရတာ မပင်ပန်းဘူးလား။ မတော်လို့ ဒီနေ့ သေသွားရင် ဘဝကူးမကောင်း ဖြစ်နေပါဦးမယ်ကွာ"
"တော်စမ်း... ရှင့် ပါးစပ်ပေါက် ပိတ်ထား။ ရှင် ကျွန်မကို ဘာမှ မိချောင်းမင်း ရေခင်းပြမနေနဲ့။ ရှင်ကတော့ မိန်းမလုပ်စာကို အခန့်သား ထိုင်စားနေတဲ့လူကိုး။ ဘယ်ဒေါသ ရှိပါ့မလဲ"
ထိုစကားများသည် ကိုတင်မောင်၏ ယောကျ်ားမာနကို ထိခိုက်စေမှန်း မကျင်စွမ်က နည်းနည်းလေးမှ မဆင်ခြင်မိချေ။ သူမ၏ ပါးစပ်စည်းမစောင့်သည့် အပြောအဆိုများက သူမကို မရဏတိုင်းပြည်ဆီ ပို့ ဆောင်တော့မည်ကိုလည်း မကျင်စွမ်တစ်ယောက် လုံး၀သတိထားမိပုံ မပေါ်။ အကြံကြီးသူ ကိုတင်မောင်ကတော့ မကျင်စွမ်၏စကားကို ခွန်းတုံ့မပြန်တော့ဘဲ လေချိုလေးဖြင့်-
"ကဲပါ မကျင်စွမ်ရယ်... မင်း တင်ဒါပွဲကို နေ့လည် (၂) နာရီ အမီ သွားရမယ် မဟုတ်လား။ အခု (၁၂) နာရီ ထိုးနေပြီ။ ငါဝယ်ထားတဲ့ ကန်ဘဲ့ ရေကူးဘူတာရုံနားက အိမ်ကို မင်းလိုက်ကြည့်ဦးမယ်ဆို။ ကဲ... ဒါဆို၊ လာ... စထွက်ကြရအောင်..."
"အဲဒါကိုလည်း ပြောချင်သေးတယ်။ ရှင်က အဲဒီအိမ်ကို ဘာစိတ်ကူးနဲ့ ကျွန်မကို မတိုင်ပင်ဘဲ ရှင့်သဘောနဲ့ ရှင် ဝယ်ရတာလဲ။ ပြောစမ်းပါဦး"
"ငါလိုချင်လို့ပါ မင်းကို ပြောပြီးပြီလေကွာ"
"လိုချင်လို့ ဟုတ်လား။ နေစမ်းပါဦး။ ရှင်က လိုချင်တယ်ပြောရအောင် ရှင့်မှာ အဲဒီ့အိမ်ကို ဝယ်နိုင်လောက်တဲ့ ငွေ ဘယ်နှစ်ပြားရှိလို့လဲ။ အခု ရှင်ဝယ်ထားတာ ဘယ်သူ့ ပိုက်ဆံတွေနဲ့လဲ။ ကျွန်မ ပိုက်ဆံတွေပဲ မဟုတ်လား"
ကိုတင်မောင်က နာရီကို မသိမသာ တစ်ချက်ကြည့်ပြီး နေရာမှထကာ မကျင်စွမ်၏လက်ကို သွားဆွဲလိုက်ရင်း-
"ဟုတ်ပါတယ်ကွာ... ဟုတ်ပါတယ်။ မင်းပိုက်ဆံတွေနဲ့ ဝယ်ထားတာပါ။ အဲဒီတစ်ခုတော့ ငါ့ကို ခွင့်ပြုပေးပါ မိန်းမရယ်...။ မင်း အဲဒီအိမ်ကို လိုက်ကြည့်လေ။ တကယ်လို့ မင်းကြည့်ပြီး မကြိုက်ဘူးဆိုရင် ပြန်ရောင်းလိုက်ကွာ။ ငါစိတ်မဆိုးဘူး"
ဟု အပျော့ဆွဲလေးနှင့် ပြောလိုက်သည်။ မကျင်စွမ်က အထက်စီးလေသံဖြင့်-
"ကောင်းပြီလေ။ လိုက်ကြည့်ဆိုလည်း ကြည့်ရတာပေါ့။ ဒါပေမယ့် ရှင့်အိမ်ကို ကျွန်မ မကြိုက်ဖို့ကတော့ သေချာသလောက်ပဲ"
မကျင်စွမ်က ကျန်နေသည့် ကော်ဖီခွက်ကို အပြီးသတ်မော့သောက်လိုက်ပြီးနောက် ရှေ့မှ ထွက်သွားသည်။ ကိုတင်မောင်ကတော့ ဝမ်းသာစိတ်ကို ဖုံးဖိရင်းကင်မရာအိတ်ကို ကိုင်ကာ မကျင်စွမ်၏ နောက်မှ ခပ်သုတ်သုတ် လိုက်သွား၏။
ထိုနေ့သည် သူမ၏ နောက်ဆုံးနေ့ ဖြစ်သည်ကိုတော့ မကျင်စွမ်တစ်ယောက် လုံး၀မရိပ်မိပါချေ။
အခန်း ( ၅ )
ကိုတင်မောင်၏ ကားလေးက ကုက္ကိုင်းကိုကျော်ကာ နွားမွေးမြူသော အိန္ဒိယလူမျိုးများ နေထိုင်သည့် ခြံကျယ်ကြီးများ ရှိရာဘက်သို့ မောင်းနှင်လာ၏။ မြေနီလမ်းသို့ ရောက်သောအခါ ကိုတင်မောင်က ကားကို ဘယ်ဘက်ရေကူးဘူတာရုံ လမ်းထဲသို့ ချိုးဝင်လိုက်သည်။ (၁၀) မိနစ်ခန့် မောင်းလာပြီးနောက် လမ်း၏ အစွန်ကျကျ ခြံကျယ်ကြီးတစ်ခုထဲသို့ ကားကို မောင်းဝင်လိုက်သည်။
ခြံက ကျယ်ပင်ကျယ်သော်ငြားလည်း မခုတ်ထွင် မရှင်းလင်းသည်က ကြာပြီမို့ ချုံနွယ်များ ထူထပ်လျက် အကျည်းတန်နေ၏။ ခြံဝင်း၏ နောက်ဖက်နားတွင်ကား ဟောင်းနွမ်းနေသည့် သွပ်မိုးပျဉ်ထာင်အိမ် သေးသေးတစ်လုံးက မှုန်ကုတ်ကုတ်လေး ရှိနေလေသည်။
ကိုတင်မောင်က အိမ်ရှေ့ မနီးမဝေးတွင် ကားကို ရပ်လိုက်၏။ မကျင်စွမ်က ကားပေါ်မှ အရင်ဆင်းလိုက်ပြီး ကိုတင်မောင်က နောက်မှ လိုက်ဆင်းသည်။
"ဟင်း.. ရှင့်အိမ်ကလည်း ချောင်ကျလှချည်လား။ ဘာလဲ... ရှင့် လက်ထောက်ကောင်မ မြရီနဲ့ နှစ်ကိုယ်ထဲ အပျော်ကြူးဖို့ ဒီအိမ်ကို ဝယ်ထားတာလား…ဟင်"
မကျင်စွမ်က ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ မမြရီဆိုသည်ကား ဟောင်ကောင်ဓာတ်ပုံတိုက်၏ မန်နေဂျာ ဖြစ်သည်။ ကိုတင်မောင်၏ အလုပ်ကိစ္စတော်တော်များများကို မျက်နှာလွှဲ၍ရသဖြင့် ကိုတင်မောင်က မြရီကို အားကိုးသည်။ အရေးပေးသည်။ ဒါကိုပင် မကျင်စွမ်က မကျေနပ်ဘဲ ကြုံလျှင်ကြုံသလို မြရီနှင့် ကိုတင်မောင်ကို သမုတ်လေ့ရှိ၏။
"မဟုတ်ပါဘူး မကျင်စွမ်ရယ်...။ မြရီနဲ့ ငါနဲ့ကြားမှာ အလုပ်ကိစ္စကလွဲလို့ တခြားဘာမှ မပတ်သက်ပါဘူး"
"ဟင်း... ဟင်း... ရှင်ပြောတော့လည်း ရှင့်စကားပေါ့"
မကျင်စွမ်က တစ်ဖက်သား မခံချင်အောင်ပြောပြီး အိမ်ထဲသို့ လှမ်းဝင်သွားသည်။ အိမ်ထဲရောက်သည်နှင့် တပြိုင်နက် မကျင်စွမ်က-
"ဟင်... ရှင့်အိမ်က အပြင်ကပဲ စုတ်သလား မှတ်ပါတယ်။ အိမ်ထဲရောက်တော့လည်း အတူတူပါပဲလား။ ကြည့်စမ်းပါဦး။ ခင်းထားတဲ့ သံမံတလင်းတွေကလည်း ပေါက်ပြဲနေတာပဲ။ ပရိဘောဂပစ္စည်းတွေကလည်း ဘာတစ်ခုမှ သုံးလို့ရမယ် မထင်ဘူး။
"ကိုတင်မောင်ရယ်...ရှင်မို့လို့ ဒီလိုအိမ်မျိုးကို ပိုက်ဆံပေးပြီး ဝယ်တယ်..ဟုတ်လား။ ကျုပ်သာဆို အလကားပေးတောင် မယူဘူး။ ရှင့်မှာ ဦးနှောက်မှ ရှိသေးရဲ့လား"
ဟု မဲ့ကာရွဲ့ကာနှင့် မြည်တွန်တောက်တီးရင်း ဟိုဒီ လှည့်ပတ်ကြည့်ရှုနေ၏။
ကိုတင်မောင်ကတော့ ဘာမှပြန်မပြော။ သူယူလာသည့် ကင်မရာအိတ်ကို စားပွဲအဟောင်းတစ်လုံးပေါ်တွင် အေးအေးဆေးဆေး တင်လိုက်သည်။ ဘောင်းဘီအိတ်ထဲတွင် အသင့်ထည့်ယူလာသော လက်အိတ်ကို စွပ်လိုက်ပြီးနောက် ကင်မရာအိတ်ကို ဖွင့်ကာ အထဲမှ စားပွဲတင်နာရီလေးကို ထုတ်ယူလိုက်ပြီး သူနှင့် မျက်နှာချင်းဆိုင်ရှိ ခြောက်ပေခန့်မြင့်သော ဗီရိုအပုလေးပေါ်သို့ တင်ထားလိုက်သည်။
နာရီက သူလှည့်ထားသည့်အတိုင်း လက်တံအရှည်က ၁၂ ဂဏန်းနေရာ အမှတ်အသားတွင်ရှိပြီး လက်တံအတိုက ၂ ဂဏန်းဟု မှတ်သားထားသည့် တုံးတိုလေးအပေါ်တွင် ရှိနေလေသည်။ မကျင်စွမ်ကတော့ ကိုတင်မောင် လုပ်နေသည်များကို ဘာတစ်ခုမှသတိမထားမိသေးဘဲ စုတ်ချာပြီး ဖုံအလိမ်းလိမ်းတက်နေသော အခန်းကိုကြည့်ကာ နှာခေါင်းတရှုံ့ရှုံ့နှင့်-
"ကြည့်စမ်းပါဦး။ မီးဖိုခန်းကလည်း နှာခေါင်းပေါက်လောက် ရှိတယ်။ နံရံတွေကလည်း အက်ကြောင်းရာတွေနဲ့။ ကိုတင်မောင် ရှင်ဟာလေ ရှင်ရှာထားတာ မဟုတ်တိုင်း ကျွန်မပိုက်ဆံတွေကို ဖြုန်းတီးပစ်နေတယ်ပေါ့လေ။ အလကားယောကျ်ား ဘာတစ်ခုမှ အသုံးမကျဘူး"
ဟု အပြစ်ပြောမဆုံး ဖြစ်နေလေတော့သည်။ အကြံသမားကိုတင်မောင်ကတော့ မကျင်စွမ်၏အပြောကို ဘာတစ်ခုမှ မတုံ့ပြန်။ သူလုပ်စရာရှိသည်ကိုသာ သွေးအေးစွာလုပ်နေ၏။
သူက ကင်မရာအိတ်ထဲတွင် အဆင်သင့်ထည့်ယူလာသော (၁၅) ပေခန့်ရှိ ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်၏။ ထို့်နောက် မကျင်စွမ်အနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ သူ့မျက်လုံးများကား နာကြည်းစိတ်ဖြင့် အေးစက်မာကျောနေ၏။
"ကိုတင်မောင်... ဒီအိမ်ကို ကျွန်မ ပြန်ရောင်းပစ်မယ်။ ဘယ့်နှယ်... ဒါ လူနေတဲ့ နေရာမှ မဟုတ်တာ။ ပြန်မယ်... ပြန်မယ်။ အခု ဘယ်နှစ်နာရီထိုးပြီလဲ မသိဘူး"
မကျင်စွမ်က ပြောရင်း အနီးရှိ ဗီရိုပုလေးပေါ်တွင် စောစောက ကိုတင်မောင် တင်ထားသည့်နာရီကို
ကြည့်လိုက်၏။
"ဟင်... ၂ နာရီတောင်ထိုးပြီ။ အို..မဟုတ်သေးပါဘူး။ (သူမလက်မှနာရီကို မြှောက်ကြည့်ပြီး) အခုမှ ၁၂ နာရီ ၄၅ ပဲ ရှိပါသေးတယ်"
ထိုသို့ မကျင်စွမ်တစ်ယောက် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ကိုတင်မောင်က ကြိုးကိုကိုင်ကာ မကျင်စွမ် အနားသို့ ရောက်လာသည်။ အလိုအလျောက် တုံ့ပြန်တတ်သော မသိစိတ်ကြောင့် ဖြစ်မည်ထင်သည်။ အေးစက်မာကျောနေသော ကိုတင်မောင်၏ မျက်လုံးများကို သတိထားမိလိုက်သည့် မကျင်စွမ်က-
"ဟင်... ရှင်...ရှင်... ဘာလုပ်မလို့လဲ ကိုတင်မောင်"
မကျင်စွမ်၏ အမေးစကားအဆုံးမှာပင် ကိုတင်မောင်က မကျင်စွမ်ကို ဖမ်းချုပ်ပြီး ဗီရိုရှေ့မှ သစ်သားကုလားထိုင်ပေါ်သို့ တွန်းထိုင်ခိုင်းလိုက်သည်။
"ရှင်... ဘာဖြစ်နေတာလဲ ကိုတင်မောင်ရဲ့"
ကိုတင်မောင်က မကျင်စွမ်ပြောနေသည်ကို မကြားဟန်ပြုလျက် မကျင်စွမ်၏ တစ်ကိုယ်လုံးကို သစ်သားကုလားထိုင်နှင့်တွဲကာ ကြိုးတုပ်ချည်နှောင်လိုက်သည်။ ထိုအခါ မကျင်စွမ်တစ်ယောက် အံ့သြနေရာမှ ကြောက်စိတ်များ ဝင်လာသည်။ သို့သော် မာန်တင်းကာ-
"ကိုတင်မောင်... ရှင်... ဒါနောက်စရာ မဟုတ်ဘူးနော်။ ကျွန်မကို အခုချက်ချင်း ကြိုးဖြေပေးစမ်း"
ကိုတင်မောင်က နှုတ်ဆိတ်လျက်ပင်။ သူ့ကင်မရာအိတ်ထဲမှ ပိုလာရိုက် ကင်မရာကို ထုတ်ယူလိုက် သည်။ ထိုကင်မရာကား မြေခွေးထွန်းကြိုင်၏ အခန်းထဲမှ သူ ခိုးယူလာသောကင်မရာ ဖြစ်လေသည်။ ထို့ နောက် ကိုတင်မောင်က ခုံနှင့်အတူပူးပြီး ကြိုးတုပ်ထားသော မကျင်စွမ်ကို ကင်မရာဖြင့် ချိန်လိုက်၏။
"ကိုတင်မောင်... ရှင် ရူးသွားတာလား။ ဒါမှမဟုတ် ရှင် ကျွန်မကို ကြောက်အောင် ခြောက်နေတာဆိုရင်တော့ ရှင့်ကို အရှုံးပေးလိုက်ပြီ။ ကျွန်မ တော်တော်ကြောက်နေပြီ။ ကျွန်မကို အခု ကြိုးဖြေပေးတော့..."
ယောကျ်ားဖြစ်သူ၏ မျက်နှာပေါ်တွင် သူမ တစ်ခါမှ မမြင်ဖူးသည့် သွေးအေး ရက်စက်တော့မည့် အရိပ်အယောင်များကို မြင်လိုက်ရသည်မို့ မကျင်စွမ်တစ်ယောက် သွေးပျက်မတတ် ကြောက်ရွံ့လာ၏။ ကြောက်လွန်းသဖြင့် အသံများပင် တုန်ယင်လာသည်။ ကိုတင်မောင်က ခနိုးခနဲ့တစ်ချက်ပြုံးလိုက်ပြီး-
"မကျင်စွမ်ရေ... ၁၅ နှစ်လုံးလုံး ငါ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ မင်းမျက်လုံးထဲက အကြောက်တရားကို အခုမှပဲ မြင်ခွင့်ရတော့တယ်။ မင်း သိပ်ကြောက်နေပြီပေါ့ ဟုတ်စ...။ ဟင်း ဟင်း ဟင်း ဟင်း"
"ရှင်... ရှင်... ကျွန်မကို ဘာဖြစ်စေချင်နေတာလဲ ကိုတင်မောင်။ ရှင် ဘာလိုချင်တာလဲ။ ရွှေလား၊ ငွေလား၊ အိမ်လား..။ အို... ရှင်ကြိုက်တာကို ကြိုက်သလောက် ယူပါ။ ကျွန်မကိုတော့ အခုချက်ချင်း လွှတ်ပေးပါရှင်"
"ယူမှာ..ယူမှာ... မင်း တစ်သက်လုံး ဥစ္စာခြောက်လာခဲ့တဲ့ အဲဒီ့ ရွှေတွေ ငွေတွေ အားလုံးကိုလည်း ငါယူမှာ။ အို... ရှိသမျှ စည်းစိမ်အားလုံး ငါပဲရမှာလေ။ ဘာကြောင့်လဲဆိုတော့ မယားသေရင် လင်ကပဲ အမွေဆက်ခံခွင့် ရှိတဲ့ဥစ္စာ။ ဟား ဟား ဟား..."
ကိုတင်မောင်က ပြောရင်း မကျင်စွမ်ကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်၏။
"ချပ်..."
ကင်မရာထဲမှ ထွက်လာသည့်ပုံကို ကြည့်လိုက်သည့်အခါ စိတ်တိုင်းမကျသဖြင့် စုတ်ဖြဲပြီး အစအန များကို ဘလေဇာအင်္ကျီ ဘေးအိတ်ထဲသို့ ထိုးထည့်လိုက်၏။ တချို့ ဓာတ်ပုံအစအနများကတော့ ကြမ်းပြင် ပေါ်သို့ ကျသွားသည်။ ကိုတင်မောင်က ဓာတ်ပုံ အပိုင်းအစ သေးသေးလေးများကို ပြန်ကောက်ယူ မနေ တော့ဘဲ နောက်တစ်ပုံရိုက်ဖို့ ကင်မရာကို ချိန်လိုက်သည်။
မကျင်စွမ်ခမျာ အကြောက်လွန်ပြီး စကားသံပင် ထွက်မလာတော့ဘဲ မျက်ရည်များသာ တပေါက်ပေါက် ကျလာတော့၏။
ကိုတင်မောင်က ဓာတ်ပုံရိုက်ရင်း-
"ငါက မင်းကို တော်တော်စိတ်ကုန်နေပြီ မကျင်စွမ်ရေ...။ မင်းရဲ့ နိုင်ထက်စီးနင်း အပြောတွေကိုလည်း ငါ ထပ်မကြားချင်တော့ဘူး။ မင်းသိလား ဟိုတစ်နေ့က ငါ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ လူတစ်ယောက်က ငါ့ကိုပြောတယ်။ မင်း ခရီးသွားရင်း ကားမှောက်ပြီး သေသွားပြီတဲ့။ အဲဒီ့သတင်းလည်း ကြားရော ငါ့မှာ ပျော်လိုက်တာ။ ဒါပေမယ့် အိပ်ရာကနိုးတဲ့အခါ မင်းကို အသက်ရှင်လျက် တွေ့လိုက်ရတော့ ငါ ငိုချင်သွားတယ်"
"ချပ်..."
"ချပ်..."
ကိုတင်မောင်က ဓာတ်ပုံရိုက်လိုက်၊ စိတ်တိုင်းမကျလျှင် စုတ်ဖြဲပြီး အင်္ကျီအိတ်ထဲ ထိုးထည့်လိုက်နှင့် လုပ်ရင်း အရူးတစ်ယောက်ပမာ သူ့ရင်ထဲက မကျေနပ်ချက်နှင့် အမုန်းတရားများကို ဖွင့်ဟပြောဆိုနေ၏။ သူ ရိုက်ယူနေသော ဓာတ်ပုံထဲတွင်ကား မကျင်စွမ်မှာ ကြောက်ရွံံ့တုန်လှုပ်နေသည့် မျက်လုံးအကြောင်သားနှင့် ကင်မရာကို ကြည့်နေပြီး သူမနောက်ဖက် ဗီရိုပေါ်မှ နာရီကတော့ (၂) နာရီ တိတိကို ညွှန်ပြလျက်သား။ မကျင်စွမ်ကား တစ်ကိုယ်လုံး နတ်ပူးသလို တဆတ်ဆတ် တုန်လာပြီး..
"ကျွန်မ..ကျွန်မ တောင်းပန်ပါတယ် ကိုတင်မောင်ရယ်…ကျွန်မကို မ..မသတ်ပါနဲ့နော်။ ကြိုး.. ကြိုး ဖြေပေးပါ။ ရှိကြီးခိုးပါတယ် ရှင်"
ဟု သနားစဖွယ် တောင်းပန်တော့သည်။
ကိုတင်မောင်ကတော့ ဘာကိုမှ ဂရုမစိုက်တော့ချေ။ သူ လုပ်စရာရှိသည်ကိုသာ သွေးအေးရက်စက်စွာ လုပ်နေ၏။ သူ စိတ်တိုင်းကျသည့် ဓာတ်ပုံတစ်ပုံကို ရသောအခါ သူကိုယ်တိုင် ဖန်တီးထားသော ပြန်ပေးဆွဲစာနှင့်အတူ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဘလေဇာအင်္ကျီ အတွင်းအိတ်ထဲမှ ခြောက်လုံးပြူးကို ထုတ်လိုက်၏။
"ဟင်…ကို…ကိုတင်မောင်..မ..မသတ်ပါနဲ့။ ကျွန်မ…ကျွန်မကို သနားပါဦး။ ကျွန်မ တောင်းပန်ပါတယ်"
ကိုတင်မောင်က သေနတ်ကို မကျင်စွမ်၏ ဘယ်ဘက်ရင်အုံဆီသို့ ချိန်လိုက်ရင်း…
"စိတ်မကောင်းပါဘူးကွာ။ ငါ လွတ်မြောက်ဖို့အတွက် ရလာတဲ့ အခွင့်အရေးကိုတော့ ဘယ်နည်းနဲ့မှ လက်လွတ်ခံလို့ မဖြစ်လို့ပါ"
ဟု သွေးအေးစွာ တစ်လုံးချင်းပြောပြီး သေနတ်မောင်းကို ဖြည်းညှင်းစွာ ဆွဲချလိုက်တော့၏။
"ဒိုင်း…"
မကျင်စွမ်ခမျာ တခဏချင်း အတွင်းမှာပင် အသက်ဇီဝိန်ကြွေလွင့် သွားရှာတော့သည်။ ထို့နောက် အားလုံး လက်စသတ်ပြီး၍ တကယ့် နာရီအမှန်ကို ကြည့်လိုက်သည့်အခါ ၁၂ နာရီ ၅၅ ဖြစ်နေလေပြီ။ ထို့ကြောင့် သူ စောစောက ဓာတ်ပုံထဲတွင် ထည့်ရိုက်ထားသော စားပွဲတင်နာရီကို ယူပြီး အချိန်ကို အမှန် အတိုင်း ပြရန် လက်တံအတိုနှင့် အရှည်ကို ၁၂ နာရီ ၅၅ အမှတ်အသားသို့ ရွှေ့လိုက်သည်။ ပြီးနောက် နာရီသံပတ်ကို အဆုံးထိရောက်အောင် အထပ်ထပ်လှည့်ပြီး သံပတ်ပေးလိုက်သည်။ ထိုအခါမှသာ စားပွဲတင် နာရီကလေးသည် တချောက်ချောက်မြည်သံနှင့်အတူ အသက်ဝင်လာလေတော့သည်။
ဒီတော့မှ ကိုတင်မောင်သည် စားပွဲတင်နာရီလေးကို စောစောကဓာတ်ပုံရိုက်သည့်နေရာသို့ လက်ရာမပျက် ပြန်ထားလိုက်သည်။ သံပတ်အပြည့် ပေးထားသောကြောင့် နောက်သုံးရက်လောက်ကြာသည် အထိတော့ နာရီလေးက အချိန်မှန်မှန် လည်ပတ်နေဦးမှာ သေချာသည်။ သို့မှသာ ပုလိပ်များက သူ့မိန်းမ အလောင်းကို တွေ့ရသည့်အခါ နာရီ၏အချိန်မှန်ကန်မှုကို သံသယမဖြစ်ဘဲ ယုံကြည်ကြမှာပင်။ ထို့ကြောင့် ဓာတ်ပုံထဲမှာ အကွက်ဆင်ထားသလို သူ့မိန်းမ ကြိုးတုပ်ခံထားရသည့် နေ့လည် (၂) နာရီအချိန်တွင် သူ အခြားတစ်နေရာ ရှိနေကြောင်း သက်သေ အလီဘိုင်ရအောင် ဖန်တီးရပေဦးတော့မည်။
-------------------------------------------------------------------
ဇော်နိုင်ငံစိုး
No comments