New Artical

ဗုဒ္ဓသာသနာနှင့် ရပ်ပြစ်ရှစ်ပါး

 

ဗုဒ္ဓသာသနာနှင့် ရပ်ပြစ်ရှစ်ပါး

၁။ ငရဲကျနေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ကြဘူး။


၂။ တိရစ္ဆာန်ဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ဘူး။


၃။ ပြိတ္တာနှင့် ပြိတ္တာအကြီးစား အသူရကာယ်ဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။


၄။ အလွန်အသက်ရှည်လွန်းတဲ့ အရူပဗြဟ္မာ, အသညသတ်ဗြဟ္မာဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။


၅။ ဗုဒ္ဓသာသနာတော်မထွန်းလင်းတဲ့ တိုင်းစွန်ပြည်ဖျားဒေသတွင် တောသားလူရိုင်းကြီးဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့နိုင်ဘူး။


၆။ မြို့ကြီးနိုင်ငံကြီးတွင် လူဖြစ်ရသော်လဲ ဗုဒ္ဓသာသနာတော်ကို မယုံကြည်ပဲ အယူလွဲနေသူဖြစ်နေရင်လဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။


၇။ မွေးရာပါအသိဉာဏ် ဆွံ့အသူဖြစ်နေရင်လဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး။


၈။ ဘုရားမပွင့်တဲ့ကမ္ဘာမှာ လူသားဖြစ်နေသူလဲ ငါဘုရားသာသနာနှင့် မတွေ့ကြုံနိုင်ဘူး - လို့ ဗုဒ္ဓသာသနာနှင့် မတွေ့ကြုံရတဲ့ ခေတ်, အက္ခဏ-ရပ်ပြစ်ရှစ်ပါးကို ဟောကြားတော်မူပါတယ်။


ယခုပြောခဲ့တဲ့ ရှစ်မျိုးသောခေတ် ခဏ ဘဝတွေဟာ ဘုရားသာသနာနဲ့မတွေ့ရတဲ့၊ တရားထူးမရနိုင်တဲ့ အပြစ်ရှိတဲ့ အရပ်, ခေတ်, ခဏတွေ, ဘဝတွေပဲ။ ဗုဒ္ဓဘာသာမြန်မာတို့ ရွတ်ဆိုရှိခိုးတဲ့ သြကာသဘုရားရှစ်ခိုး ဆုတောင်းခန်းတွင် ပါဝင်တဲ့ `ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်ရပါလို၏´ ဆိုတဲ့ ရပ်ပြစ်ရှစ်ပါးဟာ အဲဒါတွေပါပဲ။


ဒီရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်မှလဲ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သာသနာနဲ့တွေ့နိုင်ပါတယ်။ ယခု တရားနာလာကြတဲ့ ဒကာ, ဒကာမတွေဟာ ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်နေကြလို့ ယခု ဘုရားသာသနာ အဆုံးအမတရားနှင့် တွေ့နေကြရပြီ ကြုံနေကြရပြီ။


ယခုလို ဗုဒ္ဓသာသနာတော်နှင့် ကြုံကြိုက်တဲ့အခါ အိုနာသေဒုက္ခ မရောက်ခင်တွင် အိုနာသေဒုက္ခဆင်းရဲအားလုံး အပြီးသတ်ငြိမ်းပြတ်တဲ့ နိဗ္ဗာနဓာတ်ကို ရစေနိုင်တဲ့ ဒီသတိပဋ္ဌာန် ဝိပဿနာတရားကို ယခုပင် ထိထိရောက်ရောက် ကြိုးစားအားထုတ်ကြပါ။


ညောင်ကန်အေးဆရာတော်

(မဟာစည် အရှင်ဣန္ဒက)

No comments