New Artical

နေရောင်ခြည်လုံလောက်အောင် ရရှိစေခြင်း

 နေရောင်ခြည်လုံလောက်အောင် ရရှိစေခြင်း



သစ်ပင် တိရစ္ဆာန်နှင့်တကွ လူသတ္တဝါအပေါင်းတို့မှာ နေရောင်ခြည်မရလျှင် ကြုံလှီဖျော့တော့၍ အားပျော့ကြသည်။ နေရောင်ခြည်သည် လူတို့၏ ကျန်းမာသန်စွမ်းရေးအတွက် အဖိုးတန်၍ အရာရောက် သည်။ အချို့ရောဂါဝေဒနာများကို နေရောင်ခြည်ဖြင့် ကုသပျောက်ကင်းစေနိုင်ပေသည်။ နေပူစာလှုံခြင်းဖြင့် နေမှ တိုက်ရိုက်လာသော နေရောင်ခြည်ကို အဖိုးအခမပေးဘဲ လွယ်ကူစွာ ရရှိနိုင် ပေသည်။ နံနက်ပိုင်းနေရောင်ခြည်မှာ ပိုမိုကောင်းမွန်သဖြင့် ထိုအချိန်အခါမျိုးတွင် အိမ်ပြင်သို့ ထွက်၍ နေပူစာလှုံခြင်း နေရောင်ခြည်ခံခြင်းများ ပြုလုပ်သင့်သည်။ တစ်ခါတည်းနှင့် အချိန်ကြာမြင့်စွာ နေပူစာမလှုံသင့်ချေ။ တစ်စတစ်စတိုးတက်၍ နေရောင်ခြည် ခံသင့်ကြပေသည်။


နေအိမ်တွင် မှန်ပြတင်းတပ်ဆင်ထားလျှင် မှန်ကို ထိုးဖောက်ဝင်ရောက်လာရသော နေရောင်ခြည်မှာ တန်ခိုးအရှိန် အဝါ မများလှသဖြင့် အိမ်တံခါးများကို ဖွင့်လှစ်၍ အတွင်းသို့ နေရောင်ခြည်ဝင်ရောက်နိုင်ရန် ပြုလုပ်ပေးသင့်သည်။ ငွေကြေး မပေးရသော သဘာဝနေရောင်ခြည် ဆေးဆရာသည် လူ၏ ခန္ဓာကိုယ်မှလည်းကောင်း နေအိမ်ပစ္စည်း အသုံးအဆောင်များမှလည်းကောင်း ရောဂါပိုးများကို နှိမ်နင်းနိုင်ပေသည်။


ပြဆိုခဲ့သော ကျန်းမာရေး ကျင့်စဉ်များမှာ ခက်ခဲ ပင်ပန်းစွာ ကျင့်ဆောင်ရသော နည်းလမ်းများ မဟုတ်ကြောင်း ကို သိသာနိုင်ပေပြီ။ မိမိတို့၏ နေထိုင်စားသောက်မှုကို အနည်းငယ် ဂရုစိုက်၍ ပြုပြင်နေထိုင် သွားလိုက်လျှင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမားခြင်း အကျိုး ကျေးဇူးများကို မုချရနိုင်ပေသည်။ ထိုထို ကျင့်စဉ်များအပြင် နောက်ဆုံးနှင့် အရေးအကြီးဆုံး အချက်တစ်ခုကို ဖြည့်စွက် လိုသေးသည်။ 'စိတ်ပျိုလျှင် ကိုယ်နု'၊ 'ပျော်ပျော်နေ သေခဲ' ဟူသော စကားများအတိုင်း စိတ်ညစ်ညူးစရာ စိတ်မသက် သာစရာများကို ထပ်တလဲလဲ တွေးတောပူပင်တတ်သူများသည် ကျန်းမာရေး ချို့တဲ့တတ်သည်။ ထို့ကြောင့် ကျန်းမာရေးတည်း ဟူသော လာဘ်ကို ရရှိစေနိုင်ရန်သော်လည်းကောင်း တရားရှိကြဖို့လည်း လိုပေသေးသည်။


အိမ်သူအိမ်သားများ ကျန်းမာစွာ နေထိုင်နိုင်ကြမှုမှာ အိမ်ရှင်မတို့၏ ကြီးလေးလှသော တာဝန်ဝတ္တရားကြီး တစ်ခု ဖြစ်ပေသည်။ ယခုခေတ်ကဲ့သို့ စက်မှုလက်မှု ထွန်းကားနေသော ကမ္ဘာကြီးတွင် ကျန်းမာစွာ နေထိုင်နိုင်မှုမှာ ပေါ့ပေါ့ဆဆ နေ၍ မဖြစ်ပေ။ အိမ်ရှင်မတို့သည် ကျန်းမာရေး၏တန်ဖိုး၊ ကျန်းမာ ရေးနှင့် ပြည်စုံစွာ မည်သို့နေထိုင်ကျင့်သုံးရန်များကို တတ်သိ နားလည်မှသာ နေအိမ်များကို စည်းကမ်းတကျ အုပ်ချုပ်၍ အိမ်သူအိမ်သားတို့အား ကျန်းမာရေးတည်းဟူသော ဆုကြီးကို ပေးဆောင်အပ်နှင်းနိုင်ပေမည်။ 


ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ကိုဖြိုး (ဧရာမြေ)

No comments